စစ်တွေမင်းဂံရပ်ကွက်တွင် လူ ၅ ဦး ဖမ်းဆီးခံရ၊ သေနတ်ပစ်ဖောက်မှု ဆက်တိုက်ရှိနေ

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ယနေ့ (ဇွန်လ ၂၃ရက်)၊ ညနေ ၇နာရီခန့်အချိန်က ဒေသခံ ၅ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီထားသည်ဟု သိရသည်။

23 Jun 2022

DMG ၊ ဇွန် ၂၃

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် ယနေ့ (ဇွန်လ ၂၃ရက်)၊ ညနေ ၇နာရီခန့်အချိန်က ဒေသခံ ၅ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီထားသည်ဟု သိရသည်။

ယနေ့၊နေ့လည်က မြန်မာစစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး နှင့်  စစ်သားတစ်ဦး ကို ရက္ခိုင့်တပ်တော်(AA) ကဖမ်းဆီးသွားပြီးနောက် မင်းဂံအပါအဝင် တခြားရပ်ကွက်များကိုလည်း စစ်ဆေးပြီး ဖမ်းဆီးနေခြင်းဖြစ်သည်။

မင်းဂံရပ်ကွက် ၉ နှင့်  ရပ်ကွက် ၁၀ ကြားရှိ ပညာမဂ္ဂင်ကျောင်းတိုက်ရှေ့လက်ကြားတွင် အသက် ၁၃နှစ်အရွယ် လူငယ်တစ်ဦး အား မြန်မာ စစ်တပ် မှ စစ်ဆေးမှုများ ပြုလုပ်နေချိန် ကြောက်လန့်၍ ပြေးသောကြောင့်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လုံခြုံရေးအရ အမည်မ‌ဖော်လိုသည့် ဒေသခံ တစ်ဦး က DMGသို့ပြောသည်။

“ ကလေးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ မိဘ ကို လုပ်ကျွေးနေတာပါ။ သူတို့လာတဲ့အချိန်မှာ ကလေးကကြောက်ပြီးပြေးတာကို မသက်ာဘူးဆိုပြီးဖမ်းသွားတာပါ။ မိဘတွေ ရှိခိုးဒူးထောက်ပြီးတောင်းပန်တာ တောင်  မရဘူး။ အမှတ် (၁) ရဲစခန်းမှာ စစ်ဆေးမေးမြန်းစရာရှိတယ် ဆိုပြီးခေါ်သွားပါတယ်” ဟု သူကပြောသည်။

ထို့အတူ မင်းဂံရပ်ကွက် (၁၀) တွင် မြန်မာစစ်တပ်မှ စစ်ဆေးရန် လာသည့် အချိန် သားမက်နှင့် ယောက္ခမရန်ဖြစ်နေသောကြောင့် ၎င်းတို့ ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားဟု လည်း  သတင်းရင်းမြစ်များကပြောသည်။

လက်ရှိတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် စစ် ကားများနှင့်ကင်းစောင့်လှည့် ရှိပြီး ကားပေါ်တွင်လည်း လူ များဖမ်းဆီးထားသည်ကို မြင်တွေ့ရကြောင်း  ဒေသခံများကဆိုသည်။

“သူတို့ အခုထိရှိသေးတယ်။ ကျမတို့ အိမ်ပြင်တောင်မထွက်ရဲဘူး။ သူတို့ကားပေါ်မှာ လူတွေ မနည်းခေါ်တင်ထားတယ်။ လမ်းကမှောင်တော့ ကျမတို့လည်း သိပ်မမြင်ရဘူး လူအရေအတွက်ကို “ ဟု သူကပြောသည်။

ထို့အတူ မင်းဂံရပ်ကွက်(၉) မှလည်း အမျိုးသား  ၂ဦးဖမ်းဆီးခံရပြီးအိမ်နီးနားချင်းများမှာ ကြောက်လန့်၍ တိတ်ဆိတ်နေရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦး ကပြော သည်။

“ကျမတို့ကြောက်ပြီး အပြင်တောင်မထွက်ရဲဘူး။  စစ်တပ်က အင်အား ၂၀လောက်လာတဲ့အခါ  ဦးလေးတစ်ယောက်က ကြောက်ပြီး ပြေးတာကို သူတို့ကလိုက်ဖမ်းတာပါ။ ကျမတို့လည်း ကြောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ခဏနေတော့အိမ်နောက် က ဦးလေးတစ်ယောက်ပါ ဖမ်းခေါ် သွားတယ်” ဟု သူကပြောသည်။

မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်တို့တွင် ညနေ ၉ နာရီကျော်ခန့်က မြန်မာစစ်တပ်က သေနတ်ပစ်မှု အချက် ၂၀ ခန့်ရှိခဲ့သည်။မည်သည့်အတွက်ကြောင့် ပစ်ဖောက်သည်ကို မသိရပါ။

လက်ရှိတွင် မြန်မာစစ်တပ်သည် အနောက်စံပြရပ်ကွက်၊ဆတ်ရိုးကျရပ်ကွက်၊ ရူပမြောက်ရပ်ကွက်အပါအဝင် တခြားရပ်ကွက်အချို့ရှိ နေအိမ်များ၊တည်းခိုခန်းများကို စစ်ဆေးလျက်ရှိသည်။

ယခုလ အတွင်းတွင် မြန်မာစစ်တပ်သည်ပုဏ္ဏားကျွန်း ၊မြောက်ဦး၊ ကျောက်တော်မြို့တို့မှ ဒေသခံ ၅၀ခန့် ကို ဖမ်းဆီးထားလျက်ရှိပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း မြန်မာစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

ဗီဒီယိုများ