လုပ်ငန်းအပ်သူနည်းပါး၍ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ရွှေဈေးတစ်ဟုန်ထိုးမြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင် ရွှေဈေးနှုန်းလျော့ကျလာပြီး အနည်းငယ်တည်ငြိမ်နေပြီဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

29 Nov 2021

DMG ၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ရွှေဈေးတစ်ဟုန်ထိုးမြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင် ရွှေဈေးနှုန်းလျော့ကျလာပြီး အနည်းငယ်တည်ငြိမ်နေပြီဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

သို့သော် ရွှေဝယ်ယူသူနည်းပါးနေသေးသဖြင့် လုပ်ငန်းလာအပ်သူနည်း၍ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများမှာ အခက်ကြုံနေရကြောင်း စစ်တွေမြို့မှ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

“လွန်ခဲ့တဲ့နှစ်တွေက ဒီအချိန်ဆိုရင် ရွှေလာဝယ်သူများတယ်။ အခုက ဝယ်လိုအား၊ ရောင်းအားတွေက ပုံမှန်မဖြစ်သေးဘူး။ လူတွေက စီးပွားရေးအဆင်မပြေမှူတွေလည်းပါမှာပေါ့။ ဒီမှာက ရွှေဈေးအတက်အကျပေါ်မူတည်ပြီး ရောင်းချပေးတယ်။ အခုချိန်ထိတော့ ဝယ်လိုအားကျတယ်။ ရန်ကုန်မှာလည်း ရွှေအရောင်းအဝယ် မကောင်းဘူးလို့ ပြောသံကြားတယ်။ စစ်တွေမှာတော့ လောလောဆယ် အရောင်းအဝယ်လည်းတစ်ခုမှ မရှိသလောက်ကိုအေးစက်နေတယ်။ ဆိုင်တွေကလည်း အရင်လို ရွှေအရောင်းအဝယ်ပုံမှန်အနေအထားမရသေးတော့ အဆင်မပြေကြဘူး”ဟု စစ်တွေမြို့မှ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးစိန်ကျော်အေးက ပြောသည်။

လက်ရှိရွှေဈေးမှာ ၁၆ ပဲတစ်ကျပ်သားလျှင် ငွေကျပ် ၁၇ သိန်း ၈ သောင်းကျာ်ပေါက်ဈေးရှိပြီး ယခင်က‌ရွှေဈေးထက် ၂ သိန်းနီးပါးလျော့နည်းလာခဲ့သော်လည်း ရွှေဝယ်ယူသူမှာနည်းပါးနေဆဲဖြစ်သဖြင့် စစ်တွေမြို့မှာ ရွှေဆိုင်အချို့မှာ ယာယီပိတ်ထားကြသည်။

စစ်တွေမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ရွှေ ၁၆ ပဲတစ်ကျပ်သားလျှင် ငွေကျပ် ၁၈ သိန်း ၂ သောင်းခန့်ရှိခဲ့ပြီး ယခုနိုဝင်ဘာတွင် ၁၇ သိန်း ၈ သောင်းခန့်သာ ဈေးနှုန်းရှိလာခဲ့သည်။

“စစ်အာဏာမသိမ်းမီကလည်း ရခိုင်ပြည်သူအများစုက ကိုဗစ်ဒဏ်၊ စစ်ဘေးဒဏ်တွေကိုခံစားခဲ့ရတယ်။ စီးပွားရေးအခြေအနေမှာလည်း နာလန်ထူနေရဆဲဖြစ်တယ်။ တစ်ဖက်မှာလည်း လတ်တလောဖြစ်ပျက်နေကြတဲ့ ပြည်မကနိုင်ငံရေးအခြေအနေတွေကြောင့်လည်းပါတာပေါ့။ ရွှေဝယ်လိုအား၊ ရောင်းလိုအားတွေက ပုံမှန်အနေအထားကိုပြန်‌ရောက်လာဖို့ ကြာဦးမယ်ထင်တယ်”ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ရွှေဈေးနှုန်းမှာ ၁၆ ပဲ ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၇၈၇၀၀၀ ၊ ၁၅ ပဲ ရွှေတစ်ကျပ်သားကို ၁၆၈၁၉၀၀ ကျပ်ရှိကြောင်း ရွှေဆိုင်များမှသိရသည်။

ဒေါ်လာဈေးနှင့်ရွှေဈေးများ ပြန်ကျလာသော်လည်း လူသုံးကုန်အခြေခံစားသုံးကုန်ပစ္စည်းများ ဈေးပြန်မကျသေးသဖြင့် အခြေခံလူတန်းစားများမှာ အခက်အခဲကြုံနေကြရသည်။

ဗီဒီယိုများ