စစ်တွေမြို့နယ်တွင် ပစ်ခတ်ခံရသည့် ပညာရေးဝန်ထမ်း ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့က ပညာရေးဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်များထံက သိရသည်။

By အောင်ထိန် 09 Mar 2020

စစ်တွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုညီညီဇော်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Kyaw Soe Wynn

အောင်ထိန် | DMG
မတ် ၉၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့က ပညာရေးဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်များထံက သိရသည်။

အသက် (၃၂)နှစ်အရွယ် ကိုညီညီဇော်သည် ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူးရုံးတွင် ရုံးစောင့်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့ ပြန်လာစဉ် ထိုသို့ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးမောင်မောင်လှက ပြောသည်။

“ပုဏ္ဏားကျွန်းက ပြန်လာတဲ့အခါ နောက်ကပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတော့ သူက နည်းနည်းသတိရှိတော့ ဆိုင်ကယ်ကိုရပ်တယ်။ ရပ်ပြီးတော့ လမ်းဘေးမှာဝပ်ပြီး ကျနော့်ကိုဖုန်းဆက်တယ်။ ကျနော့်မှာကျည်ဆံမှန် သွားပြီလို့ပြောတယ်။ ကျနော်က ဘယ်နားမှာမှန်တာလဲမေးတော့ ရင်ဘက်မှာလို့ပြောတယ်။ အဲဒီနေရာကို ကျနော်တို့သွားတော့ စစ်သားတွေက ဝိုင်းထားကြတယ်။ ကျနော့်သားက သတိမေ့သလိုဖြစ်နေတယ်” ၎င်းကဆိုသည်။

ယခုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ကိုညီညီဇော်၏ ညာဖက်ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးကုသမှုခံယူနေရသည်။

“အစကတော့ စိုးရိမ်ခဲ့တယ်။ ကျနော့်သားက သတိမေ့သလိုဖြစ်သွားတယ်။ ဆေးရုံရောက်ပြီးမှ ဆေးတွေသွင်း၊ သွေးသွင်းတော့ နည်းနည်းစကားတွေဘာတွေ ပြောလာတယ်” ဟု ဦးမောင်မောင်လှ ကပြောသည်။

ကိုညီညီဇော်သည် ပုဏ္ဏားကျွန်းမြို့နယ်ပညာရေးမှူးရုံတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့ကို အမြဲသွားလာနေသူဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။

ကျောက်တန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ပုဏ္ဏားကျွန်း မြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးက သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ရပ်တန့် သွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ လက်နက်ငယ် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဗီဒီယိုများ