ရခိုင် တိုင်းရင်းသား စာပေသင် ဆရာများ လစာမရရှိကြ၍ အခက်တွေ့

ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေသည့် တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများ (TA/LT) မှာ ဇွန်လအတွက် လစာငွေကို လကုန်သည်အထိမရရှိသေးကြောင်း ဆရာဆရာမများထံမှသိရသည်။

01 Jul 2022

စစ်တွေမြို့မှ ပညာသင်ကြားနေသည့် စာသင်ခန်းတစ်ခုအားတွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁

ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေသည့် တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများ (TA/LT) မှာ ဇွန်လအတွက် လစာငွေကို လကုန်သည်အထိမရရှိသေးကြောင်း ဆရာဆရာမများထံမှသိရသည်။

အဆိုပါ ကျောင်းဆရာ/ မတို့မှာ အခြေခံ ပညာကျောင်းတို့တွင် နေ့စားလပေး ဆရာအဖြစ် တာဝန်ထမ်း ဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လအတွက် လစာငွေမရရှိသေးခြင်းလည်း ဖြစ်ကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

မြေပုံမြို့နယ်က (TA/LT) ဆရာတစ်ဦးက “ တာဝန်ကျတဲ့ရွာက အခြားရွာဆိုတော့ အဲဒီရွာမှာသွားနေဖို့ သူများ ဆီကငွေတွေကို ချေးပြီးသွားရတာ။ ဒါပေမယ့် လကုန်တော့ လစာမရဘူး။ ဒီတော့ ချေးထားတဲ့လူကို ဘယ်လို ပြန်ဆပ်ရ မလဲမသိဘူး။ ကျောင်းအုပ်ကြီးကိုမေးတော့လဲ ဘယ်တော့ရမယ်ဆိုတာကို တိတိကျကျ မပြောနိုင်ဘူး။ တော်တော်လေးကို အဆင်မပြေဖြစ်ရပါတယ် ” ဟု ပြောသည်။

လက်ရှိမှာ TA/LT ဆရာ/ဆရာမများအနေဖြင့် အခြား ဆရာဆရာများနှင့်တန်းတူ တာဝန်ထမ်း ဆောင်ကြရသော်လည်း လကုန်သည့်အချိန်တွင် လစာမရခြင်းမှာ လုံးဝ မဖြစ်သင့်သည့် ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း လည်း တောင်ကုတ်မြို့နယ်မှ TA/LT ဆရာမတစ်ဦးဖြစ်သူ ဒေါ်တင်မေဦးက ဆိုသည်။

“ ကျွန်မတို့တွေက ကျန်တဲ့အလုပ်တွေကို အကုန်ဖျက်ပြီးတော့ ဒီအလုပ်ထဲမှာပဲ အချိန်တွေကို မြှုပ်နှံ ထားကြရတာလေ။ အားလုံးမှာလည်း မိသားစု စားဝတ်နေရေး ဆိုတာရှိတော့ လကုန်ရင် ကိုယ့်ရဲ့ လုပ်အား ခလေးကိုတော့ အားလုံးကို မျှော်လင့်ကြတာပေါ့ ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လစာငွေကို မည်သည့်အချိန်တွင်ရရှိမည်ဆိုသည်ကို အတိအကျ မသိကြရသေးသော်လည်း သံတွဲမြို့နယ်တွင်မူ ဇွန်လ လစာကို ဇူလိုင်လနှင့် ပေါင်းပေးမည်ဟု ပြောဆိုမှုများရှိကြောင်း ရခိုင်ဆရာများ အသိုင်းအဝိုင်းထံမှသိရသည်။

ယခုကဲ့သို့ TA/LT ဆရာ/ဆရာမများအား လစာငွေမရှိသေးခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘစိန်ကို DMG က ဆက်သွယ်မေးမြန်းရာတွင် အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုခွဲဝေ ငွေမကျလာသေး၍ ဖြစ်ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က “ ခွင့်ပြုငွေ မကျလာသေးတဲ့အတွက် လစာမပေးနိုင်သေးတာပါ။ ခွင့်ပြုငွေ ကျလာရင်တော့ ထုတ်ပေးမှာပါ ။ တကယ်လို့ ကျလာရင်တော့ ဇွန်လအတွက်ပါသူတို့ ရကြပါ လိမ့်မယ်။ ဘာမှတော့ အခက်အခဲ မရှိပါဘူး။ သူတို့က ပါမစ်နဲ့ ခန့်ထားတာ မဟုတ်တော့ အဲ့လိုမျိုးသွားတာပေါ့။ ဒါကတော့မူအရပါ။ ငွေကျလာရင်တော့ သူတို့ ငွေ ရကြပါ လိမ့်မယ် ” ဟု ၎င်းကဆိုသည်။

ထို TA/LT ဆရာ၊ ဆရာမများမှာ အစိုးရက တရားဝင်ခန့်ထားသည့် နေ့စားလပေး ဆရာ၊ဆရာမများဖြစ်ကြပြီး ယခင်က ကျောင်းဖွင့်သည့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ ရရှိကြပြီး ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလမှ စတင်ကာ တစ်လလျှင် ငွေကျပ် တစ်သိန်း သုံးသောင်းကျပ်ကို ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ