သာသနိကအဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခြင်းမပြုရန်အဆို တပ်မတော်သားကိုယ်စားလှယ် ထောက်ခံဆွေးနွေး

ရှေးဟောင်းအဆောက်အအုံများနှင့် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များကို ကာကွယ်ပေးရန်ဆိုသော အနှစ်သာရကြောင့် အဆိုကိုထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က ပြောသည်။

By အောင်ထိန် 25 Sep 2019

 

အောင်ထိန် | DMG

စက်တင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ရှေးဟောင်းအမွေအနှစ်များ၊ သာသနိကအဆောက်အအုံများ၊ ကျေးရွာများနှင့် အများပြည်သူပိုင် နေရာများတွင် အကာအကွယ်ယူတိုက်ခိုက်မှုမပြုရန် စက်တင်ဘာလ ၂၃ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပါ ထောက်ခံဆွေးနွေးခဲ့သည်။

ရှေးဟောင်းအဆောက်အအုံများနှင့် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များကို ကာကွယ်ပေးရန်ဆိုသော အနှစ်သာရကြောင့် အဆိုကိုထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က ပြောသည်။

“အဆိုမှာကြည့်တော့ အဓိပ္ပာယ်ကပေါ်လွင်ပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေပါတယ်။ နောက်တစ်ခါ တန်းဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေရှိတယ်။ ဒါတွေကို ကာကွယ်ပေးဖို့အဆိုတင်သွင်းတယ်။ အဲ့ဒီအဓိပ္ပါယ် အနှစ်သာရကို ကျနော်ကိုယ်တိုင်လည်း ကြိုက်တဲ့အတွက် ထောက်ခံဆွေးနွေးရတာ” ဟု ၎င်းကဆိုသည်။

၎င်းအဆိုကို မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အဆိုကိုအတည်ပြုရန်မဲခွဲဆုံးဖြတ်ခဲ့ရာ အတည်ပြုရန်ထောက်ခံသူ ၃၁ ဦး၊ မှတ်တမ်းအဖြစ်ထားရှိရန် သဘောတူသူ ၁ ဦးရှိခဲ့သဖြင့် ပြည်နယ်လွှတ်တော်က အဆိုကိုအတည်ပြုခဲ့သည်။

ယခုကဲ့သို့ အများပြည်သူပိုင်နေရာများတွင် လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေမှုများကို နှုတ်ဖြင့်ပြောဆို၍ အဆင်မပြေသဖြင့် အစိုးရမှဆောင်ရွက်ပေးရန် အဆိုတင်သွင်းခြင်းဖြစ်ကြောင်း အဆိုရှင်ဖြစ်သူ ဦးလှအောင်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်များအချင်းချင်း ဖြစ်သည့်တိုက်ပွဲကြားတွင် ပြည်သူများ၏ အခန်းကဏ္ဍအနေဖြင့် အခွင့်အရေးဆုံးရှုံးနေရပြီး စစ်ဘေးဒုက္ခသည်မှာလည်း ၆ သောင်းကျော်အထိ ရှိလာနေပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ဗီဒီယိုများ