ပလက်ဝတွင် ရွေးကောက်ပွဲမကျင်းပရန် တပ်မတော်အကြံပြုခဲ့သော်လည်း ကော်မရှင်က ကျင်းပရန်ဆုံးဖြတ်

နယ်မြေဒေသ တည်ငြိမ်မှုမရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပရန် တပ်မတော်က အကြံပြုခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ကျင်းပရန်လိုလားကြောင်း ပြောဆိုလာသည့် အတွက် လုံခြုံရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

By မင်းထွန်း 24 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၄ ၊ စစ်တွေ

နယ်မြေဒေသ တည်ငြိမ်မှုမရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပရန် တပ်မတော်က အကြံပြုခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ကျင်းပရန်လိုလားကြောင်း ပြောဆိုလာသည့် အတွက် လုံခြုံရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင်ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပလက်ဝက လုံခြုံရေးအားနည်းတဲ့အတွက် မကျင်းပရမယ့်နေရာမှာ သုံးသပ်မှုတွေကို ထည့်သွင်းထားပါတယ်။ ဒီကြားထဲမှာ ညှိနှိုင်းမှုတွေရှိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ပေးပါဆိုတဲ့ဟာတွေရှိပါတယ်။ တက်နိုင်သမျှ ဆောင်ရွက်ပေးတယ်ဆိုပြီးတော့ ပြန်ပြီးအကြောင်းပြန်ခဲ့ပါတယ်။ ပြန်ပြီးတင်ပြခဲ့ပါတယ်။ ဒါကြောင့်မလို့ ပလက်ဝက(ရွေးကောက်ပွဲကျင်းပမယ့်)စာရင်းထဲမှာပါသွားတယ်” ဟု ၎င်းကပြောသည်။

ပလက်ဝဒေသတွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မည်သည့် အကြောင်းပြချက်ဖြင့် တပ်မတော်ထံ အကြံပြုချက်တောင်းခံခဲ့သနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှု အပေါ် “သူကတော့ ပလက်ဝမှာတော့ သူတို့ကျင်းပချင်ပါတယ်လို့ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးပါဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်မှ လုံခြုံရေးနှင့်သက်ဆိုင်သည့် သဘောထား မှတ်ချက်များကို ပြန်လည်တောင်းခံမှုကြောင့် ရှမ်းပြည်နယ်ဒေသအချို့နှင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် ရပ်ကွက်၊ ကျေးရွာများရှိ လုံခြုံရေးအခြေအနေများကို ထပ်မံအကြံပြုထားကြောင်းဆိုသည်။

လုံခြုံရေးအားနည်းသည့်အတွက် ရွေးကောက်ပွဲမကျင်းပသင့်ကြောင်း တပ်မတော်မှအကြုံပြုခဲ့သည့် မြို့နယ် ၃၉ မြို့နယ်အထိရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

တပ်မတော်မှ အကြုံပြုသဘောထားမှတ်ချက်ပေးရာတွင် လုံခြုံစွာမဲပေးနိုင်ရေးနယ်မြေ၊ လုံခြုံရေးစီမံချက်ဖြင့် တည်ငြိမ်စွာမဲပေးနိုင်ရေးနယ်မြေနှင့် လုံခြုံရေးအားနည်းသည့်အတွက် မဲမပေးနိုင်သည့်နယ်မြေများဟူ၍ အဆင့် ၃ ဆင့်ဖြင့် မှတ်ချက်ပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများတွင်လည်း လက်နက်ကိုင်များ ဝင်ရောက်ခြိမ်းခြောက်ခြင်းများ ရှိနေသည့်အတွက် လုံခြုံစွာဖြင့်မဲပေးနိုင်ရန် မဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိဘူးလို့ဆိုတာနဲ့ လုံခြုံစွာ၊ လွတ်လပ်စွာမဲပေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး။ အဲဒီအထဲမှာ ကျနော်တို့မသိတဲ့ အရာတွေအများကြီးရှိတယ်။ တိုက်ပွဲမဖြစ်ပွားပေမယ့် လက်နက်ကိုင်တွေ ဝင်ရောက်နေတဲ့ နေရာတွေရှိတယ်။ ခြိမ်းခြောက်မှုရှိနေတဲ့ နေရာတွေရှိတယ်။ သတ်မှတ်နေရာတွေကို ကျော်လွန်ဝင်ရောက်နေတာရှိတယ်။ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို လေ့လာ ကြည့်ရင်သိနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ယာရေးနှင့် လျှပ်စစ်၊စက်မှုလက်မှုဝန်ကြီးဖြစ်သည့် ဦးစိုးထက်က “ပလက်ဝမြို့နယ်တစ်ခုလုံးမှာ ရွေးကောက်ပွဲမကျင်းပသင့်ဘူးဆိုတာက မဖြစ်သင့်ဘူး။ ဒီမိုကရေစီစနစ်ကို သွားတဲ့အချိန်မှာကျင်းပရမယ်လေ။ ဥပမာ-အမ်းမြို့နယ်၊ စစ်တွေမြို့နယ်လိုမျိုးပေါ့ ကျင်းပလို့ရတဲ့ အုပ်စုတွေ ရှိမယ်၊ မကျင်းပလို့ရတဲ့အုပ်စုတွေရှိမယ်။ အဲဒီအပေါ်မှာ ကျင်းပလို့ရတဲ့နေရာတွေမှာ ကျင်းပပြီးတော့ ကျင်းပလို့ မရတဲ့နေရာတွေကို ချန်လှစ်ထားတဲ့ပုံစံမျိုးလုပ်ရမယ်။ လုံးဝကိုမလုပ်ဘဲ တစ်မြို့နယ်လုံး ချန်လှစ်ထားတာက မဖြစ်သင့်ဘူးလေ” ဟု ဆိုသည်။

လက်ရှိပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပ၍ရသည့် နေရာများရှိသလို ကျင်းပလို့မရသည့်နေရာများ ရှိနေသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နောက်တစ်ကြိမ်ထုတ်ပြန်ခြင်းကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်တွင် ရွေးကောက်ပွဲမကျင်းနိုင်ကြောင်းကြေငြာထားသည့် မြို့နယ် (၉)မြို့နယ်မှ ပေါက်တောနှင့် မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျန်သည့်မြို့နယ် (၇)မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲမကျင်းနိုင်ကြောင်းကြေငြာထားသည့် ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦးမြို့နယ်များသို့ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို အခက်အခဲများကြားမှ ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပို့ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့်နေရာများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊မင်းပြား၊မြေပုံနှင့်မြောက်ဦးမြို့နယ်တို့ဖြစ်ကြသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း UEC မှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ