တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာ အရေးပေါ်လိုအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဦးရေ ၃၂၀၀ ကျော်ခိုလှုံနေသည့် တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများနှင့် စစ်ဘေးရှောင်များ ထံမှ သိရသည်။

By မျိုးသီရိကျော် 19 Aug 2020

မျိုးသီရိကျော် | DMG
သြဂုတ် ၁၉ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဦးရေ ၃၂၀၀ ကျော်ခိုလှုံနေသည့် တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများနှင့် စစ်ဘေးရှောင်များ ထံမှ သိရသည်။

ထိုစစ်ဘေးရှောင်စခန်းသို့ အစိုးရမှ သြဂုတ်လအတွက်ထောက်ပံ့မည့်ဆန်မှာ ယနေ့(သြဂုတ်လ ၁၉ ရက်နေ့) အထိ ရောက်ရှိလာခြင်းမရှိသဖြင့် ဆန်ရိက္ခာ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“ဆန်က တစ်အိတ်မှကို မရှိတော့ပါဘူး၊ လတစ်ဝက်လောက်ရှိပြီ။ တချို့လူတွေဆိုရင် ရွာထဲသွားပြီး အကူအညီ တောင်းခံတာတွေလည်းရှိတယ်။ အစိုးရကို ပြီးခဲ့တဲ့လဝက်ကတည်းက တင်ပြထားပါတယ်။

သူတို့အနေနဲ့လည်း ပြည်နယ်က ခွင့်ပြုချက်မရလို့ဆိုပြီးတော့ အကြောင်းပြန်ထားပါတယ်။ ဒီလိုမျိုးသာ ဆက်ပြီးတော့ မထောက်ပံ့ ပေးတော့ဘူးဆိုရင်တော့ ငတ်ပြီးသေလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေများပြားသည့်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)နှင့် အစိုးရထံမှ လစဉ်ထောက်ပံ့ဆန် နှစ်ခုပေါင်းမှသာ တစ်လစာစားသောက်ရန် လုံလောက်သည်ဟု ဦးဝေလှအောင်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များအနေဖြင့် အလုပ်အကိုင်ရှားပါးနေပြီး အစိုးရထံမှ ဆက်လက်၍ ထောက်ပံ့ ခြင်းများမရှိပါက စခန်းတွင်နေထိုင်သူများမှာ စိတ်ပိုင်းဆိုင်ရာများပျက်စီးကာ အကျင့်စာရိတ္တများလည်း ဖောက်ဖျက်သွားနိုင်သည်ဟု ယင်းစစ်ရှောင်စခန်းမှ ဦးကျော်မြချေက ထောက်ပြပြောဆိုသည်။

“လုပ်မယ့်အလုပ်ကလည်းမရှိ၊ အလုပ်အကိုင်ကလည်း ရှားပါးတယ်။ ဒီကြားထဲ အစိုးရကလည်း ထောက်ပံ့မပေးဘူးဆိုရင် ငတ်ပြတ်လာမယ်။ ငတ်လာရင်တော့ သိတဲ့အတိုင်းပဲ၊ မရရင်ရတဲ့နည်းနဲ့ ရှာကြမှာ”ဟု ၎င်းကပြောသည်။

ထောက်ပံ့ပေးနေသူများအနေဖြင့် မိမိသဘောအတိုင်း ဆုံးဖြတ်ပိုင်ခွင့်မရှိသည့်အတွက် ပြည်နယ်ရုံးချုပ်သို့ တစ်ဆင့်ချင်း တင်ပြနေရသောကြောင့် ယခုလတွင် ဆန်ရိက္ခာထောက်ပံ့ရန် ကြန့်ကြာမှုများရှိသွားရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့မှာ ခွင့်ပြုစာကျလာမယ်လိုတော့ ထင်ပါတယ်။ အဲဒီစစ်ရှောင်စခန်းကို မနက်ဖြန်မဟုတ်ရင် သန်ဘက်ခါ လောက်ဖြစ်ဖြစ် ထောက်ပံ့ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာပြတ်လပ်နေသည့်အပြင် မိုးတွင်းကာလဖြစ်သဖြင့် စောင်၊ ခြင်ထောင်နှင့် ကျန်းမာရေးအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း စခန်းတာဝန်ခံကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် နေကာ စစ်ဘေးရှောင်ဦးရေမှာလည်း နှစ်သိန်းခန့်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ သိရသည်။

ဗီဒီယိုများ