တပ်မတော်မှ အပစ်ရပ်ကြေငြာရာတွင် ရခိုင်ပြည်နယ်မပါဝင်သဖြင့် တိုက်ပွဲဆက်ဖြစ်မည်ကို စစ်ရှောင်များ စိုးရိမ်နေ

နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေမြေ များတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တစ်လတာ ထပ်မံတိုးမြှင့်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တပ်မတော်ကသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

By ကျော်သူဌေး 02 Dec 2020

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၂ ၊ စစ်တွေ

နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေမြေ များတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တစ်လတာ ထပ်မံတိုးမြှင့်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တပ်မတော်ကသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရက္ခိုင့်တပ်တော်(AA)အား အစိုးရမှ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေငြာထားသဖြင့် တပ်မတော်၏ အပစ်ရပ်ကြေငြာချက်တွင် အဆိုပါနေရာများ မပါဝင်ပေ။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား တိုက်ပွဲဖြစ်ပွားမှုများ မရှိသေးကြောင်း တပ်မတော်က ထုတ်ဖော်ပြောဆိုထားသည်။

ယင်းကြောင့် တိုက်ပွဲဖြစ်ပွားစဉ်က နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ ပြန်ရန် စဉ်းစားထားကြကြောင်း စစ်တွေမြို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်အချို့က ပြောသည်။

သို့သော် လက်ရှိမှာ တပ်မတော်၏ အပစ်ရပ်ကြေငြာချက်တွင် ရခိုင်ပြည်နယ်မပါဝင်သေးသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်၍ နေရပ်သို့ပြန်နိုင်မည်မဟုတ်သေးကြောင်း ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာမှ နေရပ်စွန့်ခွာလာသည့် ဒေါ်အေးသန်းနုက ဆိုသည်။

“ဒီလမှာ ကျမတို့က အေးချမ်းနေလို့ရှိရင် အိမ်ပြန်ရတော့မယ်ဆိုပြီးတော့ ပျော်နေတာ။ အခုပြန်ပြီးတော့ အပစ်ရပ်တဲ့အခါ ရခိုင်မပါဘူးဆိုရင် အိမ်ပြန်တာနဲ့ပြန်ပြီးအခက်အခဲရောက်နိုင်တယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ နောက်ထပ်တိုက်ပွဲများဖြစ်ပွားလာပါက ယခုနေရပ်ပြန်လျှင်လည်း ထပ်မံ၍ ပြေးလာရမည်ကို စိုးရိမ်ကြောင်း ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာမှ စစ်တွေမြို့ပေါ်တွင် ခိုလှုံလာသူ ဦးသာထွန်းက ပြောသည်။

“ကိုယ့်ရွာကိုခွဲခွာပြီး မနေချင်တဲ့နေရာမှာ နေရတယ်။ မစားချင်တဲ့ နေရာမှာစားရတယ်။ ဒုက္ခအမျိုးမျိုးနဲ့ အခက်အခဲကြုံပြီးလာရတယ်။ အခုရပ်စဲတဲ့အခါ ရခိုင်ဒေသမပါဝင်လို့ နောက်တိုက်ပွဲဖြစ်လာရင် ရခိုင် ပြည်သူတွေက လုံခြုံတဲ့နေရာကို ပြန်ပြီးလာဖို့မလွယ်ဘူး” ဟု ဦးသာထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလအတွင်းက တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့သဖြင့် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်ဒေသများသို့ ပြန်သွားကြသူများလည်းရှိသည်။

ထိုကဲ့သို့ နှစ်ဖက်အပစ်အခတ်ရပ်စဲမှုများကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးရစေချင်ကြောင်းလည်း စစ်ဘေးရှောင်များက ဆိုကြသည်။

အေအေပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ယုံကြည်မှု တိုးတက် လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကိုအကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်း အဖြစ်သတ်မှတ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ထုတ်ပြန်တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်နီးပါးအထိ ကြာမြင့်လာနေသည့်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိ ရှိလာနေသည်။

ဗီဒီယိုများ