နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်းကို အွန်လိုင်းစနစ်ဖြင့် ရုံးထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ယနေ့ မတ်လ ၄ ရက်နေ့တွင် ဗွီဒီယိုအွန်လိုင်းစနစ်ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

04 Mar 2021

DMG၊ မတ် ၄

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ယနေ့ မတ်လ ၄ ရက်နေ့တွင် ဗွီဒီယိုအွန်လိုင်းစနစ်ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု (CMP) လုပ်ဆောင်ခဲ့ကြောင်းနှင့် အမှုအား မတ်လ ၁၇ ရက်နေ့ကို ရုံးချိန်းလိုက်ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“ဒီနေ့တရားရုံး ရုံးချိန်းကတော့ မှုခင်းစီမံခန့်ခွဲမှု (CMP) လုပ်တယ်ပေါ့။ အမှုတစ်မှုကို ဘယ်နှစ်ရက်ကနေ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်နှစ်ရက်အတွင်းမှာ အပြီးသတ်တွေလုပ်မယ်၊ အဲဒါတွေကို လုပ်ကြတယ်ပေါ့။ လောလောဆယ်တော့ ဒီနေ့က အကြိုညှိနှိုင်းအစည်းအဝေး လုပ်ကြတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှ တရားလိုပြုလုပ်ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိအနေအထားအရ ဦးညီပုသည် အကျဉ်းထောင်တွင်မဟုတ်ဘဲ တပ်မတော်၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေသည်ဟု သိရှိရကြောင်း ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“ဦးညီပုက သူ့ကို သာမန်လူပုံစံမျိုးပေါ့လေ အချုပ်နဲ့အတူ တရားရုံးမှာ ရင်ဆိုင်လို့ ရလိုတယ်ဆိုတဲ့ အနေ အထားကို ပြောတယ်။ နောက်တစ်ခုက ရှေ့နေနဲ့ ဘာပြောစရာရှိလဲလို့မေးတဲ့ အခါကျတော့ သူ့အနေနဲ့ အခုလိုအနေအထားမှာ ဘာမှပြောစရာမရှိဘူးလို့ ပြောတယ်” ဟု သူကဆိုသည်။

မိသားစုဝင်များအနေဖြင့် ဦးညီပုဖမ်းဆီးခံရသည့်နေ့မှ ယနေ့အချိန်ထိ တစ်လနီးပါးကြာသည့်တိုင်အောင် အဆက်အသွယ်မရသေးကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။ အဖေကို ဘယ်နေရာမှာထားတယ်ဆိုတာကိုလည်း စုံးစမ်း ကြည့်တော့ အခုအချိန်ထိ နေရာအတိအကျ မပြောသေးဘူး။ အဖေရဲ့ကျန်းမာရေး ဘယ်လိုနေလဲ ဆိုတာကို သိချင်တာပေါ့၊ အဆက်အသွယ်ရချင်တာပေါ့။ ကျမတို့ စုံးစမ်းပြီး ဌာနဆိုင်ရာတွေနဲ့ဆက်စပ်ပြီး နီးစပ်ရာကို မေးကြည့်တော့လည်း ဘယ်မှာထားတယ်ဆိုတာကို အတိအကျမပြောဘူးပေါ့” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ဗီဒီယိုများ