ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု မျက်စိတိမ်စွဲရောဂါ ဆေးကုသခွင့်ရ

မူလက ဦးညီပုမှာ ဘယ်ဘက်မျက်စိသာ တိမ်ရောဂါစွဲကပ်နေခြင်းဖြစ်ပြီး အချိန်မီဆေးကုသခွင့် မရရှိသဖြင့် ညာဘက်မျက်စိသို့ ကူးစက်ကာ တစ်စုံလုံးကို ခွဲစိတ်ကုသလိုက်ရသည်။ 

By Admin 01 Jul 2023

ဝန်ကြီးချုပ်ဟောင်းဦးညီပုအား ၂၀၂၀ ပြည့်နှစ်က စစ်တွေမြို့တွင်ကျင်းပသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် တွေ့ရစဉ်။
ဝန်ကြီးချုပ်ဟောင်းဦးညီပုအား ၂၀၂၀ ပြည့်နှစ်က စစ်တွေမြို့တွင်ကျင်းပသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁

စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ မျက်စိတိမ်စွဲရောဂါကို ဆေးကုသခွင့်ရရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးညီပုကို စစ်တွေအကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပြီး မေလ ၂၅ ရက်နှင့် ဇွန်လ ၁၆ ရက်က စစ်ကောင်စီအစီအစဉ်ဖြင့် တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံတွင် ခွဲစိတ်ကုသခဲ့ကြောင်း သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောသည်။

“ဘယ်ဖက်မျက်လုံးကတော့ ရောဂါလွန်သွားတဲ့အတွက် ပုံမှန်အတိုင်းမကောင်းတော့ဘဲ အမြင်အာရုံတွေ ဝါးနေသေးတယ်လို့ သိရတယ်။ ညာဘက်မျက်လုံးကတော့ ပုံမှန်အတိုင်း အကောင်းဖြစ်သွားပါတယ်။ ခွဲစိတ်ကုသခွင့် ပေးလိုက်တဲ့အတွက် စိတ်သက်သာရာတော့ ရသွားတယ်” ဟု သူက ပြောသည်။

မူလက ဦးညီပုမှာ ဘယ်ဘက်မျက်စိသာ တိမ်ရောဂါစွဲကပ်နေခြင်းဖြစ်ပြီး အချိန်မီဆေးကုသခွင့် မရရှိသဖြင့် ညာဘက်မျက်စိသို့ ကူးစက်ကာ တစ်စုံလုံးကို ခွဲစိတ်ကုသလိုက်ရခြင်းဖြစ်ကြောင်း ဒေါ်ကြည်ကြည်ဦးက ဆက်ပြောသည်။

ဦးညီပုမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခဲ့ထားရသည်။ အကျဉ်းချခံနေရချိန်တွင် မျက်စိတိမ်စွဲရောဂါအခြေအနေ ဆိုးရွားလာသဖြင့် မိသားစုဝင်များက ဆေးကုသခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးနောက် ၆ လခန့်အကြာတွင် ယခုကဲ့သို့ ဆေးကုသခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

“တခြား ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေကိုလည်း ကျန်းမာရေးစောက်ရှောက်မှုတွေ ပြုလုပ်ပေးစေချင်တယ်” ဟု ဒေါ်ကြည်ကြည်ဦးက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရချိန်မှစ၍ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိခဲ့ဘဲ ယခု မျက်စိကုသမှုခံယူချိန်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရရှိခဲ့သည်။ ဆေးကုမှုခံယူပြီးနောက် မည်သည့်အကျဉ်းထောင်တွင် ရှိသည်နေကို မသိရှိရကြောင်း မိသားစုဝင်များက ပြောသည်။

ရခိုင်ပြည်တွင် နိုင်ငံရေးပုဒ်မဖြင့် စွပ်စွဲခံရပြီး တရားစွဲဆိုခံထားရသူနှင့် ကာလရှည်ကြာ အကျဉ်းကျနေသူ အများအပြားမှာ ကျန်းမာရေးမကောင်း ဖြစ်နေသည့်အတွက် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ၏ စတီးလ်ရိုးသွင်းထားရသော ညာဖက်လက်မှာ အနာပြည်တည်ကာ ကျန်းမာရေးမကောင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

“မင်းပြားဆေးရုံမှာတော့ ဆေးကုသခွင့်ရတယ်။ ဒါပေမဲ့ အခြေအနေစိုးရိမ်တဲ့အတွက် စစ်တွေက အရိုးပါရဂူတွေနဲ့ တစ်ခေါက်လောက်ပြကြည့်ချင်တယ်။ အဲလိုဆေးကုခွင့်ရဖို့လည်း တင်ပြထားတယ်။ ခွင့်ပြုပေးတာမျိုးတော့မရှိဘူး” ဟု ဦးအောင်ကျော်လှ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးအောင်ကျော်လှမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခဲ့ရပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)(၂)ဖြင့် တရားစွဲဆိုခံထားရသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ တို့ဖြင် တရားစွဲဆိုခံထားရသူ ၅၀ ဦးခန့်ရှိသည်။

အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်ရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း တရားစွဲဆိုခံထားရသူနှင့် အကျဉ်းကျနေသူများမှာ ထိုဥပဒေပါ ရပိုင်ခွင့်များကို ဆုံးရှုံးနေကြရသည်။

#I006 

ဗီဒီယိုများ