ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ မျက်စိတိမ်စွဲရောဂါအတွက် ဆေးကုသခွင့်တောင်းဆိုမှု မျက်ကွယ်ပြုခံထားရဆဲ

မျက်စိဆေးကုသရန် ဦးညီပုကိုယ်တိုင် တောင်းဆိုထားပြီး မိသားစုဝင်အနေဖြင့်လည်း အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း ဆေးကုသခွင့် မရရှိသေးကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

By Admin 17 Feb 2023

၂၀၂၀ ပြည့်နှစ်က စစ်တွေမြို့တွင်ကျင်းပသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် တွေ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးညီပု။
၂၀၂၀ ပြည့်နှစ်က စစ်တွေမြို့တွင်ကျင်းပသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် တွေ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးညီပု။

DMG ၊ ဖေဖော်ဝါရီ ၁၇ 

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ဘယ်ဘက်မျက်စိ တိမ်စွဲကပ်နေသည့်အတွက် ဆေးကုသမှုခံယူရန် တောင်းဆိုနေသည်မှာ ၄ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဆေးကုသခွင့်မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

မျက်စိဆေးကုသရန် ဦးညီပုကိုယ်တိုင် တောင်းဆိုထားပြီး မိသားစုဝင်အနေဖြင့်လည်း အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း ဆေးကုသခွင့် မရရှိသေးကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“ကျန်းမာရေးက ထွေထွေထူးထူးမရှိပေမယ့် မျက်စိတစ်ခုက ကုသဖို့အရေးကြီးနေတယ်။ မိသားစုတွေအနဲ့ကျတော့ တွေ့ခွင့်မပေးတော့ မသွားဖြစ်ဘူး။ အထဲမှာတော့ ဖေဖေက ဆေးကုဖို့တောင်းထားတယ်။ အခုသုံးနေတဲ့ မျက်စိရောဂါ ပျောက်ကင်းဆေးကလည်း ဘာမှထူးခြားမှုမရှိဘူး” ဟု မကြည်ကြည်ဦးက ပြောသည်။

ရခိုင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကပင် ဦးညီပု၏ဘယ်ဘက်မျက်စိမှာ တိမ်စွဲကပ်စပြုနေခြင်း ဖြစ်သော်လည်း  ထိုအချိန်က မအားလပ်မှုတို့ကြောင့် ခွဲစိတ်ကုသမှု မလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းချခံနေရချိန်တွင် မျက်စိအခြေအနေမှာ ဆိုးရွာလာသည့်အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ ဆေးကုသခွင့်တောင်းဆိုခဲ့သော်လည်း ယနေ့အထိ လျစ်လျူရှုခံနေရခြင်းဖြစ်သည်။  

အကျဉ်းသားတိုင်းသည် ထောင်အတွင်း အကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိပိုင်ခွင့်ရှိကြောင်း အကျဉ်းထောင်လက်စွဲဥပဒေ အခန်း (၈) ပုဒ်မ ၃၇၊ ၃၈၊ ၃၉ တို့၌ ပြဌာန်းထားသော်လည်း အကျဉ်းသားများမှာ ဥပဒေပါအခွင့်အရေး ဆုံးရှုံးနေကြရသည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “အကျဉ်းသားတွေအနေနဲ့ မိသားစုတွေနဲ့လည်း မတွေ့ရဘူး၊ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ စားဝတ်နေရေးနဲ့ ပတ်သက်လို့သော်လည်းကောင်း အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်။ ဒီဟာကတော့ မလုပ်သင့်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အထိ မိသားစုဝင်များနှင့် တွေ့ခွင့်ရသေးပေ။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်အတွင်းက ဝန်ကြီးချုပ်ဟောင်းဇနီးကိုယ်တိုင် ထောင်ဝင်စာလာတွေ့ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း သိရသည်။

“အဲဒီအချိန်က မေမေကသွားပြီးတော့ တွေ့ခွင့်တောင်းခဲ့တယ်။ ဒါပေမဲ့ တွေ့ခွင့်မပေးဘူး။  ဘာမှတော့ ထွေထွေထူးထူး မပြောဘူး။ တွေ့ခွင့်ပေးဖို့ အထက်က ညွှန်ကြားတာမရှိတဲ့အတွက်ကြောင့် သူတို့ကလည်း တွေ့ခွင့်ပေးလို့မရဘူး၊ အဲဒီလိုပဲပြောတယ်” ဟု ဝန်ကြီးချုပ်ဟောင်းသမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

ဦးညီပုကို စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နှစ်ရက်ကြာ နေအိမ်အကျယ်ချုပ်နှင့်ထားရှိခဲ့သည်။ ဦးညီပုမှာ အကျယ်ချုပ်ကျနေစဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ကိစ္စများပါဝင်သော ရုပ်သံဖိုင်တစ်ခုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ထုတ်လွှင့်ခဲ့ရာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး တရားစွဲဆိုမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂)နှစ်၊ အဂတိ လိုက်စားမှုပုဒ်မသုံးခုဖြင့် ထောင်ဒဏ်(၉)နှစ် အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

#E004 

ဗီဒီယိုများ