မြောက်ဦးတွင် နေအိမ်ပေါ်လက်နက်ကြီးကျပြီး အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လျှာရှည်ပြင်ကျေးရွာက နေအိမ်တစ်လုံးပေါ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ၂ နှစ်မှ အသက် ၂၅ နှစ်အတွင်းရှိသူ ၅ ဦး အထိ ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နေဝင်းစံ 01 Dec 2019

နေဝင်းစံ | DMG
ဒီဇင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လျှာရှည်ပြင်ကျေးရွာက နေအိမ်တစ်လုံးပေါ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ၂ နှစ်မှ အသက် ၂၅ နှစ်အတွင်းရှိသူ ၅ ဦး အထိ ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒဏ်ရာရရှိသူများထဲတွင် မောင်အောင်ဖြိုးထက် ၂ နှစ်၊ မောင်ဌေးသန်းဇော် ၁၀ နှစ်၊ မနှင်းနွယ်သန်း ၁၂ နှစ်၊ မအေးကြည်ဌေး ၂၂ နှစ်နှင့် မသန်းညွန့်ဌေး ၂၅ တို့ဖြစ်ကြသည်။

“ကျနော့်မှာ သမီးနှစ်ယောက် မြေးသုံးယောက်၊ ငါးယောက်ပါ။ အိမ်က လက်နက်ကြီးကျလို့ အကုန်လုံးပြိုသွားတယ်၊ တိုင်တွေကျိုးထွက်သွားတယ်။ အခုကတော့ အားလုံးမြောက်ဦးဆေးရုံမှာ တင်ထားတယ်” ဟု လျှာရှည်ပြင်ကျေးရွာမှ ဦးအောင်စံချေက ဆိုသည်။

ယင်းလက်နက်ကြီးမှာ ကျေးရွာအတွင်းဝင်လာသည့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ကျေးရွာအနီး တိုက်ပွဲဖြစ်ခြင်းလည်းမရှိကြောင်း ၎င်းကပြောသည်။

“ပစ်တာက ရွာမြောက်ဘက်ကပစ်တာ၊ ကျနော့်တို့ရွာကိုပစ်လို့ပြီးရင် စစ်တပ်က လူ ၂၀၀ လောက် ရွာထဲဝင်လာတယ်။ ကျနော့်မြေးဆီက သံစကိုတောင်ဝင်ပြီး နှုတ်ခဲ့ကြတယ်။ တိုက်ပွဲလုံးဝမဖြစ်ဘူး။ သူတို့ကပစ်လို့ ဝင်လာတာလေ။ ကျနော့်မှာ မတတ်နိုင်ရင်လည်း ဆေးကုရတော့မယ်” ဟု ဦးအောင်စံချေက ဆိုသည်။

သို့သော် တပ်မတော်ဘက်ကပြောဆိုသည်မှာ ၎င်းလျှာရှည်ပြင်ကျေးရွာအနီး နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းကို AA က ကျေးရွာအတွင်းမှ ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

“အဲဒီဝန်းကျင်မှာတိုက်ပွဲဖြစ်တယ်။ ကျနော်တို့က အဲဒီလျှာရှည်ပြင်ကျေးရွာဝန်းကျင်မှာ နယ်မြေရှင်းနေတာ။ AA က အဲဒီလျှာရှည်ပြင်ရွာထဲကနေပြီးတော့ပစ်တာ။ အေအေက ဘာလို့ရွာထဲကနေပစ်တာလဲ။ ပြီးလို့ရှိရင် ရွာထဲကနေပစ်ပြီးတော့မှ အပြင်ကိုထွက်သွားတယ်။ တပ်က ရွာထဲကိုဝင်ရှင်းတဲ့အချိန်မှာလည်း ထပ်ပြီးတော့ ရွာထဲကိုပြန်ပစ်တာ။ ဘယ်ဗုံးသီးမှန်သလဲဆိုတာ ကျနော်တို့ဘယ်သိမလဲ” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း စစ်ကြောင်းတစ်ကြောင်းက ပစ်ခတ်၍ လျှာရှည်ပြင်ကျေးရွာမှ ၅ ဦးဒဏ်ရာရရှိသည်ကို ကြားသိရကြောင်းပြောသည်။

“အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်မထားဖို့၊ တိုက်ပွဲတွေဖြစ်တဲ့နေရာမှာ၊ ပစ်ခတ်မှုတွေလုပ်တဲ့အခါမှာ အထူးသဖြင့် ပြည်သူတွေကိုရှောင်ရှားဖို့အတွက် လွှတ်တော်မှာလည်း အဆိုတင်ထားပြီးပြီ။ အဲဒီအဆိုအပေါ်မှာ အစိုးရအနေနဲ့ အလေးအနက်ထားပြီးတော့ သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပြစ်မဲ့တဲ့ ရပ်သူရွာသားတွေ၊ ဘုရားပုထိုးစေတီတွေ၊ ရှေးဟောင်းအဆောက်အအုံတွေကို မထိခိုက်ဖို့ပဲပြောချင်တယ်” ဟု  ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်အထိကြာမြင့်လာခဲ့ပြီး တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း ရာနှင့်ချီရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှုများမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

ဗီဒီယိုများ