ရခိုင်တွင် မဲရုံတာဝန်ထမ်းဆောင်ရမည့် သက်ကြီးပိုင်းပညာရေးဝန်ထမ်းများ ကိုဗစ်အန္တရာယ်ကိုစိုးရိမ်

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ဆရာမများတွင် ရောဂါ အခံရှိသူများနှင့် အသက်ကြီးပိုင်းများ ပါဝင်နေပြီး ၎င်းတို့အနေဖြင့် ကိုဗစ်ကူးစက်ခံရမည့် အန္တရာယ်ကို စိုးရိမ် မှုများရှိနေကြောင်း ကာယကံရှင်အချို့က ပြောဆိုသည်။

22 Oct 2020

ခင်သရဖီဦး | DMG
အောက်တိုဘာ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ဆရာမများတွင် ရောဂါ အခံရှိသူများနှင့် အသက်ကြီးပိုင်းများ ပါဝင်နေပြီး ၎င်းတို့အနေဖြင့် ကိုဗစ်ကူးစက်ခံရမည့် အန္တရာယ်ကို စိုးရိမ် မှုများရှိနေကြောင်း ကာယကံရှင်အချို့က ပြောဆိုသည်။

ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံများအတွင်း လူစုလူဝေးဖြစ်ပေါ်လာခြင်းမှတစ်ဆင့် ကိုးဗစ်ရောဂါ ကူးစက်မည်ကို စိုးရိမ်ရကြောင်း ၎င်းတို့ကဆိုသည်။

“အခြေအနေကတော့ အေးချမ်းတယ်ဆိုပြီးတော့မှပဲ မြို့ပေါ်ရပ်ကွက်တွေမှာပဲ ကျင်းပမယ်ဆိုပြီးတော့ ချမှတ် ထားတယ်ဆိုတော့ လုံခြုံရေးနဲ့ စိုးရိမ်မှုတော့မရှိပါဘူး၊ ကျနော်တို့ စိုးရိမ်တာက ကိုဗစ်ရောဂါကြောင့် လူစုလူဝေး ဖြစ်မယ်ဆိုတဲ့အချက်လောက်ပဲ စိုးရိမ်တာပေါ့” ဟု အမ်းမြို့နယ်မှ မူလတန်းကျောင်းအုပ်တစ်ဦးဖြစ်သူ ဆရာ ဦးအောင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုများရှိနေသည့်အတွက် မဲရုံတာဝန်ထမ်းဆောင်ရာတွင် သက်ကြီး ပိုင်းများ၊ ကိုယ်ဝန်ဆောင်များနှင့် ရောဂါအခံရှိသူများကို ချန်လှပ်ထားရန် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ ဖုန်းမှတစ်ဆင့် ညွှန်ကြားထားကြောင်း သိရသည်။

“ဘာလဲဆိုတော့ လူစုလူဝေးဖြစ်တဲ့အခါကျတော့ တချို့သက်ကြီးပိုင်းတွေနဲ့ သွေးချိုရောဂါရှိနေတဲ့လူတွေ သွေးတိုးတို့၊ ဆီချိုတို့ရှိတဲ့ အဲဒီလိုလူတွေကို မထည့်နဲ့ဆိုပြီး ဖုန်းနဲ့ပြောထားတာရှိတယ်”ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက စက်တင်ဘာလအတွင်း DMG မှမေးမြန်းစဉ် ပြောဆိုထားသည်။

သို့သော်လည်း မဲရုံ၌တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ရာတွင် အသက်အရွယ်ကို စိစစ်ခြင်းမလုပ်ဆောင်ဘဲ တာဝန်ပေးအပ်ခြင်းများရှိနေသည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

တောင်ကုတ်မြို့နယ်မှ သွေးတိုးရောဂါအခံရှိပြီး အသက်(၅၉)နှစ်ရှိပြီဖြစ်သည့် ဆရာမတစ်ဦးမှာ မဲရုံတွင် တာဝန် ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်မှုရှိနေသည်။

“ကျမက အသက် ၅၉ နှစ်ရှိနေပါပြီ၊ ကျန်းမာရေးကလည်း သိမ်မကောင်းဘူးပေါ့။ ဆိုတော့ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကို သိပ်ပြီးတော့ ယုံကြည်မှုမရှိဘူးပေါ့၊ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်တာပေါ့” ဟု အမည် မဖော်ပြလိုသည့် ယင်းဆရာမကပြောသည်။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ မဲဆန္ဒရှင်များ အနေဖြင့် ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့်အတိုင်း လိုက်နာနိုင်ရန် ပြင်ဆင်ထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပြောသည်။

“ကိုဗစ်နဲ့ပတ်သက်ပြီး ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိတယ်။ မြို့နယ်ကော်မရှင် တွေကို အဲဒီညွှန်ကြားချက်တွေကို ဖြန့်ဝေထားပါတယ်။ မဲရုံတွေမှာ ၆ ပေအကွာနေရမယ်ဆိုတဲ့အပိုင်း၊ လက်ဆေးစင်တွေ၊ လက်သန့်ဆေးတွေ အဲဒါတွေကို ပြင်ဆင်ထားတယ်။ မဲရုံတွေမှာ လူကျပ်ကျပ်တည်းတည်း မနေအောင် ဝင်ပေါက်ထွက်ပေါက် နေရာချထားရေးတွေကို လုပ်ထားပါတယ်” ဟု သံတွဲခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်သိန်းကပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း မဲရုံပေါင်း ၁၉၄ ရုံ၌ တာဝန်ထမ်းဆောင်မည့် ဆရာ၊ဆရာမ ၁၀၆၂ ဦး၊ ရမ်းဗြဲရှိ မဲရုံပေါင်း(၁၇၆)ရုံတွင် ၁၁၅၀ ဦး၊ မာန်အောင်ရှိ မဲရုံပေါင်း(၈၁)ရုံတွင် ၈၃၈ ဦး၊ အမ်းရှိ မဲရုံ(၈)ရုံတွင် ၁၃၆ ဦး နှင့် သံတွဲရှိ မဲရုံပေါင်း(၁၈၈)ရုံတွင် ၁၄၉၈ ဦးရှိသည်ဟု သက်ဆိုင်ရာ ပညာရေးမှူးရုံးများထံမှ သိရသည်။

စစ်တွေ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များရှိမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာဆရာမအရေအတွက်ကိုမူ ပြန်လည်စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံများမှတစ်ဆင့် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လုပ်ငန်းလမ်းညွှန်ချက်များကို အဆင့်ဆင့်ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် ယင်းကိစ္စရပ်အပေါ် စိုးရိမ်ရန်မလိုအပ်ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ဆရာ ဆရာမ တစ်သိန်းခွဲခန့်ကို တာဝန်ပေးအပ်ထားကြောင်း အခြေခံပညာဦးစီးဌာနက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဗီဒီယိုများ