ရခိုင်တွင်ကျင်းပမည့်ရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ပြော

ရခိုင်ပြည်နယ်အတွင်းတွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

By မင်းထွန်း 05 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို မကြေညာမီအချိန်ကပင် ရခိုင်မြောက်ပိုင်းမှ မြို့နယ်ကိုးခုတွင် အင်တာနက်လိုင်းမရရှိသောကြောင့် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ အခွင့်အရေးမရရှိသည့် အတွက် တရားမျှတမှုမရှိသောရွေးကောက်ပွဲဟု သုံးသပ်ကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောသည်။

“အင်တာနက်ပိတ်ထားတဲ့အတွက် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့လူမှုကွန်ယက် စာမျက်နှာတွေမှာ မဲဆွယ်ခွင့်မရဘူးကြဘူး။ ကျန်တဲ့တစ်နိုင်ငံလုံးကသူတွေက လူမှုစာမျက်နှာပေါ်မှာ မဲဆွယ် နေတာတွေ၊ သူတို့ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် ဘာတွေလုပ်မယ်ဆိုတဲ့ သူတို့ရဲ့ ကိုယ်ပိုင်လူမှု စာမျက်နှာတွေ၊ သတင်းတွေမှာပြောနေတဲ့အချိန်မှာ ရခိုင်ကကိုးမြို့နယ်ထဲမှာရှိတဲ့သူတွေက တန်းတူ အခွင့် အရေးရမနေဘူး။ အဲတာကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲလို့သုံးသပ်တယ်” ဟု ၎င်းကဆိုသည်။

မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်တို့မှ ရပ်ကွက် (၁၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃၇)စုတွင် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိသည့်အနက် တစ်ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်အမျိုးသားပါတီ ANP ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က “မဲဆန္ဒရှင်တွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်သာ ဆန္ဒပြုခွင့် ရတဲ့ ရခိုင်ပြည်နယ်ရဲ့ရွေးကောက်ပွဲဟာ ဘယ်လိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မလဲ။ တပ်မတော်အခြေစိုက်တဲ့နေရာတွေမှာတောင်မှ မလုံခြုံဘူးလို့သတ်မှတ်လိုက်ကတည်းက ဒါထင်သာမြင်သာတဲ့ ကိစ္စတွေဖြစ်တယ်။ နောက်တစ်ခါ အမ်း၊ ကျောက်ဖြူတို့မှာ ထပ်တိုးတာကလည်း တပ်နယ်မြေတွေဖြစ်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကော်မရှင်ရဲ့ ငါးနှစ်တာအတွင်း ဆောင်ရွက်ခွင့်ရခဲ့တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်တွေဟာ ဝေဖန်စရာတွေရှိနေတယ်လို့ပြသနေတယ်” ဟု ဆိုသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုတချို့တွင် လုံခြုံရေးကို အကြောင်းပြ၍ ရွေးကောက်ပွဲမကျင်းပခြင်းသည် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးရကြောင်းနှင့် တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသိန်းကဆိုသည်။

“လုံခြုံရေးအခြေအနေအရ တိုက်ပွဲဖြစ်တဲ့နေရာကို မကျင်းပနိုင်ဘူးလို့ဆိုတယ်။ အမ်းမြို့နယ်မှာဆိုရင် တိုက်ပွဲ ဖြစ်တဲ့နေရာက ဒလက်အုပ်စုတစ်ခုပဲရှိတယ်။ ကျန်တဲ့နေရာမှာတိုက်ပွဲလည်းမဖြစ်ဘူး၊ လက်နက်သံလည်း မကြားရဘူး။ တိုက်ပွဲဖြစ်တယ်ဆိုပြီး ဘယ်သူတွေကတင်လိုက်သလဲ။ တင်လိုက်တဲ့ဟာကို ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်သူတွေကသိခွင့်မရဘူး။ ကျနော်တို့မှာ စည်းရုံးရေးတွေဆင်းထားတယ်။ ငွေကြေးကုန်ကျထားတယ်။ မဲဆန္ဒရှင်ပြည်သူတွေဟာလည်း နိုင်ငံသားတစ်ယောက်ရဲ့မဲပေးပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကိုလည်း ဆုံးရှုံးတယ်။ ဒါဟာတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့သုံးသပ်တယ်” ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ကိုယ်စာပြုပြီး အမ်းမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးစိုးသိန်းကပြောသည်။

ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းထုတ်ပြန်ထားသည့် နယ်မြေများအနက် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စုလေးခု၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတို့တွင် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထပ်မံစိစစ်တင်ပြချက်အရ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း(UEC)မှ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း ရှိ၊မရှိအခြေအနေများကို ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ သဘောထားမှတ်ချက် ရယူပြီး ယင်းသဘောထားအပေါ်တွင် လေ့လာစိစစ်သုံးသပ်ပြီး ဆုံးဖြတ်ကြေငြာခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ဗီဒီယိုများ