မြောက်ဦးတွင် မူးယစ်ဆေးဝါးတားမြစ်သည့် သတိပေးစာများကပ်ထား

“စာမကပ်ခင် ၃ ရက်လောက်က မူးယစ်ဆေးဝါးသုံးစွဲနေတဲ့အတွင်းမှာ လူတစ်စုကလာပြီး နောက်တစ်ခါမသုံးစွဲရဘူး ခြိမ်းခြောက်မှုရှိတယ်လို့ ပြောသံကြားတယ်။ သုံးစွဲနေတဲ့လူတွေကိုလည်း လူတစ်စုကခေါ်ပြီး စစ်တယ်လို့ကြားတယ်” ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုဥက္ကဋ္ဌ ကိုသန်းစိုးက ပြောသည်။

By ဝင်းညွန့် 30 Nov 2019

ရှေးဟောင်းဘုရားစေတီများအတွင်း မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုသည့် ပစ္စည်းများကို ဒေသခံပြည်သူများ မကြာခဏတွေ့မြင်နေရသည်။

ဝင်းညွန့် | DMG
နိုဝင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မူးယစ်ဆေးဝါးရောင်းချသူများနှင့် သုံးစွဲသူများကို အပြင်းအထန်အရေးယူမည်ဟု အသိပေးစာများကို နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ့က မြို့နေရာအနှံ့အပြားတွင် ကပ်ထားသည်ကို တွေ့ရကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

အဆိုပါ သတိပေးစာတွင် “ရခိုင်လူငယ်များ၏ အနာဂတ်အတွက် မြို့နယ်အတွင်း မူးယစ်စိတ်ကြွဆေးပြား ရောင်းချသူများနှင့် သုံးစွဲသူများကို  ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးလိုက်သည်” ဟု ရေးသားထားသည်။

ယင်းသို့ အသိပေးစာမကပ်မီ သုံးရက်ခန့်အလိုက အမည်မသိလူတစ်စုက မူးယစ်ဆေးဝါးမသုံးရန် ပြောဆိုမှုများရှိခဲ့သည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး(MUYA) ဒု-ဥက္ကဋ္ဌ ကိုသန်းစိုးက ပြောသည်။

“စာမကပ်ခင် ၃ ရက်လောက်က မူးယစ်ဆေးဝါးသုံးစွဲနေတဲ့အတွင်းမှာ လူတစ်စုကလာပြီး နောက်တစ်ခါမသုံးစွဲရဘူး ခြိမ်းခြောက်မှုရှိတယ်လို့ ပြောသံကြားတယ်။ သုံးစွဲနေတဲ့လူတွေကိုလည်း လူတစ်စုကခေါ်ပြီး စစ်တယ်လို့ကြားတယ်” ဟု ကိုသန်းစိုးက ဆိုသည်။

ယခုကဲ့သို့ သတိပေးစာကပ်ခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ်များကို ဟန့်တားရာတွင် ပိုမိုထိရောက်မှုရှိပြီး ဒေသခံများကလည်း ကျေနပ်မှုရှိကြောင်း ၎င်းကဆိုသည်။

“အခုလို ခြိမ်းခြောက်တာဟာ လူငယ်တွေအတွက် ပိုပြီးထိရောက်စေတာပေါ့။ အဲဒီလို စာကပ်တာကို ဒေသခံလူကြီးတွေက ကျေနပ်မူရှိပါတယ်။ ဘယ်သူတွေ ကပ်သွားလည်းဆိုတာတော့ ကျနော်တို့မသိဘူး” ဟု ကိုစိုးသန်းက ဆိုသည်။

မြောက်ဦးမြို့သည် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ နေရာဖြစ်ပြီး တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းပါဝင်သဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားသည်။

သို့သော် မြောက်ဦးမြို့ပေါ်မှ လူသူအရောက်အပေါက်နည်းသည့် ဘုရားပုထိုးစေတီများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများရှိနေပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ညအချိန်များတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲရန် လာရောက်သူများရှိနေကြောင်း မြောက်ဦးဒေသခံများက ဆိုသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတိပေးစာများကို မည်သည်အဖွဲ့က ကပ်သည်ကို မသိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုအား တားမြစ်ခြင်းအပေါ် ကြိုဆိုကြောင်းမြောက်ဦးဒေသခံ ကိုဇော်ထွန်းက ပြောသည်။

“စာမှာ ပြင်းပြင်းထန်ထန် အရေးယူမယ်လိုပါတော့ ဒီဟာက ကောင်းပါတယ်။ အခုလိုစာရွက်ကပ် သတိပေးတဲ့အတွက်ကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူတွေ နည်းသွားမှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်းဘုရားစေတီများအတွင်း မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုသည့် ပစ္စည်းများကို ဒေသခံပြည်သူများက တွေ့ရှိ၍ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြမှုများ မကြာခဏရှိခဲ့သည်။

“ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ ဒီလိုမျိုးမူးယစ်ဆေးဝါးသုံးစွဲနေတာကို ပြည်တွင်းပြည်ပဧည့်သည်တွေ မြင်တွေ့သွားမယ်ဆိုရင်လည်း မြောက်ဦးရဲ့သိက္ခာ၊ ရခိုင်ရဲ့သိက္ခာအင်မတန်ကျဆင်းမယ်” ဟု မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်လည်း အောက်တိုဘာ ၂၅ ရက်နေ့က မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းချသူများကို အသိပေးသည့်စာများကို မြို့အနှံ့ကပ်ထားမှုများရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ