ULA/AA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးကိစ္စကို ထိရောက်စွာကိုင်တွယ်ပေးရန် ဒေသခံများတောင်းဆို

ရခိုင်ပြည်အတွင်းက မြို့ပေါ်နေရာများအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများတွင်လည်း မူးယစ်ဆေးဝါးများကို အလွယ်တကူ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် ထိရောက်စွာအရေးယူပေးရန် ဒေသခံများက တောင်းဆိုကြသည်။

By Admin 19 Oct 2023

ကျောက်တော်တောင်ပေါ်တွင် မူးယစ်ဆေးသုံးစွဲခဲ့သည့် ဆက်စပ်ပစ္စည်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - လှစောခိုင်(ပုဏ္ဏားမြီ)
ကျောက်တော်တောင်ပေါ်တွင် မူးယစ်ဆေးသုံးစွဲခဲ့သည့် ဆက်စပ်ပစ္စည်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - လှစောခိုင်(ပုဏ္ဏားမြီ)

DMG ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုမရှိသော်လည်း လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးများကို အလွယ်တကူ ရောင်းဝယ်ဖောက်ကားမှုများ တဖြည်းဖြည်းများလာနေကြောင်း ဒေသခံများကပြောသည်။

ယခင်က ကျေးလက်ဒေသများတွင် မူယစ်ဆေးဝါးကို ရောင်းဝယ်၊ သုံးစွဲခြင်းများ နည်းပါးသော်လည်း ယခုအအခါ မူယစ်ဆေးဝါး (ဒေသအခေါ်- အစိချေ) WY စိတ်ကြွဆေးပြားများကို အလွယ်တကူဝယ်ယူရရှိနေကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက မြို့ပေါ်နေရာများအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများတွင်လည်း မူးယစ်ဆေးဝါးများကို အလွယ်တကူ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် ထိရောက်စွာအရေးယူပေးရန် ဒေသခံများက တောင်းဆိုကြသည်။

ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက “အခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှုတွေက ကျေးလက်တွေအထိ ရောက်လာတယ်။ အရင် ULA/AA တို့က ဖမ်းဆီးတာမျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သိပ်မတွေ့မိတော့ဘူး။ ဒါပေမဲ့ ရောင်းဝယ်သုံးစွဲမှုတွေက ရပ်တန့်မသွားဘူး။ ရောင်းတဲ့သူတွေရော သုံးစွဲသူတွေရော ဒီအတိုင်းရှိနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ရသေ့တောင်မြိုနယ် မယူကမ်းဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ထင်သာမြင်သာ တွေ့လာရသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာဘက်တွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူ ၁၄ ဦးကို (ULA/AA)က ဖမ်းဆီးခဲ့သည်။ ယင်းသို့ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို တခြားမြို့နယ်များတွင်လည်း ထိရောက်စွာအရေးယူပေးရန် ဒေသခံများက တောင်းဆိုကြသည်။

ရခိုင်ပြည်တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများကို မြို့နယ်တိုင်းတွင်တွေ့လာရပြီး သုံးစွဲသူအများစုမှာ ဆယ်ကျော်သက် လူငယ်များ၊ ကျောင်းသားလူငယ်များနှင့် အရွယ်ရောက်ပြီး လူငယ်များဖြစ်ကြသည်ဟု မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများနှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသူများက ပြောသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကိုအောင်မင်းစိုးက “မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ဒီဒေသကိုထိန်းချုပ်နိုင်တဲ့ ULA/AA အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်မယ်ဆိုရင်တော့ လျော့နည်းလာမယ်ထင်ပါတယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာစေရန် ကျေးလက်ဒေသများတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆိုးကျိုးများကို ပညာပေးဟောပြောမှုများ လုပ်ရန်လိုကြောင်းလည်း ထောက်ပြကြသည်။

“မူးယစ်ဆေးဝါး ပြဿနာကတော့ လူငယ်တွေရော၊ ဒေသခံတွေအတွက်ပါ စိုးရိမ်စရာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အရင်က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုး လုပ်ဖူးတာရှိပါတယ်။ ဒါပေမယ့် ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေက ထင်သလောက် မလွယ်ဘူး။ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ အဲဒီအကြောင်းအရာနဲ့ အသိပညာပေးဟောပြောမှုတွေဆိုရင် လူတွေက သိပ်စိတ်မဝင်စားကြဘူး” ဟု မောင်တောမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်အေးမောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ရခိုင်ပြည်အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်အချို့ကို ULA/AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ရှိခဲ့သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၀ ခုနှစ် အပစ်ရပ်ပြီးနောက် ULA/AA က အုပ်ချုပ်ရေးပိုင်းကို ချဲ့ထွင်လာခြင်းနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း ဖမ်းဆီးမှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

AA အုပ်ချုပ်ရာဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများလာမှုနှင့်ပတ်သက်ပြီး ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခထံသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေသေးပေ။

၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက “ကျနော်တို့က ပြည်သူ့လုံခြုံရေးကိစ္စကိုပဲ အဓိကဦးစားပေးပြီးတော့ လုပ်နေရတယ်ဆိုတော့ လောလောဆယ် မူးယစ်ဆေးဝါးကိစ္စတွေကို ကိုင်တွယ်ဖို့အတွက်ကတော့ ကျနော်တို့ အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့စောင့်ပြီးတော့ ကျနော်တို့ ဖြေရှင်းဖို့လိုပါမယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်လများတွင် မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၈၉ မြို့နယ်တွင် WY ဆေးပြားနှင့် ခေါင်းခါဆေးလို့ လူသိများသော E ဆေးပြားများကို သုံးစွဲနေပြီး ဘိန်းဖြူနှင့် ကော်ရှူခြင်းကိုလည်း မြို့နယ်ပေါင်း ၅၃ မြို့နယ်တွင် သုံးစွဲနေကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ