မောင်တောတွင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု များလာ

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့မှ ယခုလ ၈ ရက်နေ့ထိ စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု ဆက်တိုက်ရှိလာပြီး ယခုလတွင် တစ်ကြိမ်နှင့် အောက်တိုဘာလတွင် ၆ ကြိမ်ထိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

By Admin 08 Nov 2023

အောက်တိုဘာ ၄ ရက်နေ့က ဘူးသီးတောင်-မောင်တောကားလမ်းတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
အောက်တိုဘာ ၄ ရက်နေ့က ဘူးသီးတောင်-မောင်တောကားလမ်းတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ နိုဝင်ဘာ ၈ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု မြင့်တက်လာနေပြီး တစ်လကျော်အတွင်း ၇ ကြိမ်ထိ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” မှ သိရသည်။  

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့မှ ယခုလ ၈ ရက်နေ့ထိ စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု ဆက်တိုက်ရှိလာပြီး ယခုလတွင် တစ်ကြိမ်နှင့် အောက်တိုဘာလတွင် ၆ ကြိမ်ထိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

ရခိုင်တွင် မူးယစ်ဆေးဖမ်းဆီးရမိမှု များလာနေခြင်းမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့၏ အုပ်ချုပ်ရေးယန္တရား နှစ်ရပ်ဖြစ်နေခြင်းကို အခွင့်ကောင်းယူ၍ ရောင်းဝယ်လာကြခြင်းဟု လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“အခု အုပ်ချုပ်ရေးယန္တရားဟာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် နှစ်ခုဖြစ်နေတော့ သူလိုလို ကိုယ်လိုလို ဖြစ်လာတယ်။ ဒီမူးယစ်ဆေးဝါးကို ဘယ်ဘက်က ကိုင်တွယ်မှန်းမသိ ဖြစ်နေတယ်။ ထိရောက်တဲ့အရေးယူမှုကို စစ်ကောင်စီဘက်ကလည်း မကိုင်တွယ်၊ AA ကလည်း မကိုင်တွယ်ဘူး။ ဒီတော့ အုပ်ချုပ်ရေးယန္တရားကို အခွင့်ကောင်းယူပြီး အသုံးချကြတယ်။ အလွယ်တကူ ရောင်းဝယ်လာတယ်” ဟု သူက ပြောသည်။ 

ယခုလ ၆ ရက်နေ့က မောင်တောမြို့နယ်၊ တောင်ပြိုလက်ယာရွာအနီးတွင် ကာလတန်ဖိုး ကျပ်သိန်း ၃၆၀ ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ပြားနှင့်အတူ လက်ဝယ်တွေ့ရှိသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း မောင်တောမြို့မ အနောက်ရပ်ကွက် ရွှေဇားတံတားအနီးတွင် ကာလတန်ဖိုး ကျပ်သိန်း ၁၉၀ ခန့်ရှိ စိတ်ကြွဆေးပြား ၉,၅၀၀ ပြားနှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း “ရခိုင်နေ့စဉ်” က ထုတ်ပြန်ထားသည်။  

ယင်းအပြင် အောက်တိုဘာလ ၂၃ ရက်နေ့က ရေမျက်တောင်ကျေးရွာမြောက်ဘက်ရှိ ဓနိတောတွင် ကာလတန်ဖိုး ကျပ် ၁၆၆ သန်း ဒသမ ၅ သန်းရှိ စိတ်ကြွဆေးပြား ၈၃,၂၅၀ ပြား၊ အောက်တိုဘာလ ၂၂ ရက်နေ့က မောင်တော -ကြိမ်ချောင်းကားလမ်း အနောက်ဘက်တွင် သိန်း ၂,၉၀၀ ကျော် တန်ဖိုးရှိ  စိတ်ကြွဆေးပြား ၁၄၆,၂၅၀ ပြားနှင့်အတူ လက်ဝယ်တွေ့ရှိသူများကို ဖမ်းဆီးရမိခဲ့သည်။ 

အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သိန်း ၅၄၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၇,၀၀၀ ပြားနှင့်အတူ လက်ဝယ်တွေ့ရှိသူတစ်ဦး၊ အောက်တိုဘာလ ၁၉ ရက်နေ့က မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်တွင် သိန်း ၁၇၀ တန်းဖိုးရှိ စိတ်ကြွဆေးပြား ၈,၅၀၀ ပြားနှင့် လက်ဝယ်တွေ့ရှိသူတစ်ဦး တို့ကို ဖမ်းဆီးရမိခဲ့သည်။ 

အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်-မောင်တောကားလမ်း စစ်ဆေးရေးဂိတ်တွင်  ကျပ်သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၀,၀၀၀ ပြားနှင့်အတူ သယ်ဆောင်လာသူ လေးဦးကို ဖမ်းဆီးရမိခဲ့သည်။ 

လက်ရှိတွင် ဖမ်းဆီးရမိသူများနှင့် သက်သေခံဆေးပြားများကို သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းအပ်နှံထားပြီး မူးယစ်ဆေးဝါးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း “ရခိုင်နေ့စဉ်” က ထုတ်ပြန်ထားသည်။ 

စိတ်ကြွဆေးပြားများအား ဖမ်းဆီးရာတွင် အမှန်တကယ်လုပ်ကိုင်နေသည့် ဒိုင်ကြီးများကို ဖမ်းဆီးမိခြင်းမရှိဘဲ လက်အောက်ငယ်သားများ၊ တစ်ပိုင်တစ်နိုင်ရောင်းချသူများ၊ သယ်ယူသူများကိုသာ ဖမ်းဆီးမိ၍ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ လက်ရှိအချိန်ထိ တွင်ကျယ်နေခြင်းဟု ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။   

လက်ရှိတွင် မောင်တောမြို့နယ်အတွင်း အသက်မပြည့်သေးသည့် လူငယ်များကပင် မူးယစ်ဆေးဝါး သုံးစွဲနေကြသည်ကို တွင်ကျယ်စွာ တွေ့မြင်လာရသည်ဟု မောင်တောဒေသခံ ကိုပန်ကျော်ဒူးက ပြောသည်။ 

“မူးယစ်ဆေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေအနေနဲ့ အသိပညာပေးတာလည်း မရှိဘူး။ မူးယစ်ဆေးဝါးဖမ်းမိရင် ပုံရိုက်ပြီး ဖမ်းဆီးတာပဲ ရှိတယ်။ သေချာစစ်ဆေး ရှာဖွေတာမရှိဘူး” ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု မရှိသော်လည်း လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးကို မြို့ပေါ်တွင်သာမက ကျေးရွာများတွင်လည်း အလွယ်တကူ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများရှိနေသည်။ ထိုသို့ဖြစ်လာခြင်းမှာ  နိုင်ငံရေးမတည်ငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့အပြင် မူးယစ်ဆေး၏ ဆိုးကျိုးများနှင့်ပတ်သက်ပြီး အသိပညာပေးမှုများ အားနည်းနေခြင်းကြောင့်ဟု ပြောဆိုကြသည်။

“မူးယစ်ဆေးဝါးကို ကိုင်တွယ်ရမှာက အားလုံးမှာ တာဝန်ရှိတယ်။ ဒါပေမယ့် တစ်ယောက်မှမလုပ်ကြတော့ သုံးစွဲသူတွေက အရမ်းများလာတယ်။ ဖမ်းမိတာကနည်းပြီး သုံးစွဲတာပဲ များလာတယ်” ဟု မောင်တောမြို့နယ်၊ လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်က ပြောသည်။ 

မူးယစ်ဆေးအမှုများတွင် သုံးစွဲသူများကိုသာ ဖမ်းဆီးအရေးယူခြင်းများရှိပြီး ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးရမိခြင်း အားနည်းနေမှုအပေါ်မှာလည်း ဝေဖန်မှုများ ရှိနေသည်။ 

ရခိုင်တွင် ဘီလီယံနှင့်ချီ အများဆုံးဖမ်းဆီးရမိသည့် ဖြစ်စဉ်များမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံ စစ်ဆေးရေးစခန်းတွင် ငွေကျပ်ဘီလီယံ (၂၀) ခန့်နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က မောင်တောမြို့၊ ကျီးကန်ပြင် စစ်ဆေးရေးစခန်းတွင် ဆီဘောက်ဆာကားဖြင့် တင်ဆောင်လာသည့် ကျပ်ဘီလီယံ (၁၀)ခန့် တန်ဖိုးရှိ WY စိတ်ကြွဆေးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

#D006 #DMG

ဗီဒီယိုများ