အင်တာနက်ပြန်ဖွင့်ပေးရန် ရန်ကုန်တွင် ကမ်းပိန်းလုပ်ခဲ့သူ ၅ ဦး ငြိမ်းစုစီဥပဒေနှင့် အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် ရန်ကုန်မြို့၌ ကမ်းပိန်းပြုလုပ်ခဲ့သူ ၅ ဦးမှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

24 Jun 2020

Photo - Mizzima

ခိုင်ရိုးလ | DMG
ဇွန် ၂၄ ၊ ရန်ကုန်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် ရန်ကုန်မြို့၌ ကမ်းပိန်းပြုလုပ်ခဲ့သူ ၅ ဦးမှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

အင်တာနက်ဖြတ်တောက်မှု ၁နှစ်ပြည့်သည့် ဇွန်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ဆူးလေလမ်းဆုံရှိ ခုံးကျော်တံတားပေါ်၌ အင်တာနက်ဖြတ်တောက်ထားမှုကို ဆန့်ကျင်သည့်ဗီနိုင်းများ ချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ခဲ့မှုကြောင့် အသံအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ကိုစည်သူအောင်(ခ)မောင်ဆောင်းခအပါအဝင် ၅ ဦးတို့ကို ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့် ကျောက်တံတားမြို့မရဲစခန်း၌ ဇွန်လ ၂၂ ရက်နေ့က အမှုဖွင့်ခံထားရကြောင်း အသံအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆူးလေခုံးကျော်တံတားပေါ်မှာ အများသိအောင်လို့ ဗီနိုင်းတွေကပ်တဲ့ ကမ်ပိန်းလုပ်ခဲ့တာကို ၂၂ ရက် နေ့မှာပဲ ကျောက်တံတားမြို့နယ်ရဲစခန်းက အမှုဖွင့်ခဲ့တာပေါ့။ အဓိက ငြိမ်းစုစီနဲ့ စုစုပေါင်း (၅) ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ် ” ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့၏ သုတေသန မန်နေဂျာ ကိုရဲဝေက DMG သို့ပြောသည်။

ယမန်နေ့(ဇွန်လ ၂၃ ရက်)နေ့က အမှုဖွင့်ခံထားရသူ ၅ ဦးအား လာရောက်အစစ်ဆေးခံရန် ကျောက်တံတား မြို့မရဲစခန်းမှ အကြောင်းကြားစာပေးပို့လာသည်ဟု အသံအဖွဲ့မှသိရသည်။

အင်တာနက်ပိတ်ထားမှု ဖိနှိပ်ခံရမှုများအား တရားမျှတမှုအတွက် ဆန္ဒထုတ်ဖော်သူတို့အား ယခုကဲ့သို့ ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခြင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ချိုးဖောက်ရာရောက်ကြောင်း ကိုရဲဝေက ဆိုသည်။

ရန်ကုန်မြို့၌ ကမ်ပိန်းပြုလုပ်ခဲ့ရာတွင် “ရာဇဝတ်မှု ကျူးလွန်တာတွေ၊ လူသတ်နေတာတွေကို မသိစေချင်လို့ အင်တာနက်ဖြတ်ထားတာလား” ၊“ရခိုင်နှင့် ချင်းပြည်နယ်ဒေသအချို့တွင် အင်တာနက်ဖြတ်တောက်မှု အလိုမရှိ” စသည့် စာသားပါ ဗီနိုင်းများကို ချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်နေ့က အင်တာနက်လိုင်းများကို စတင်ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အင်တာနက်ဖြတ်တောက်ထားခြင်းသည် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှုရှိခြင်း၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားပြန့်ပွားမှုများအပါအဝင် ပြည်တွင်းပြည်ပမှ အထင်အမြင်လွဲမှားစေရန် ရေးသားဖော်ပြမှုများ ရှိခြင်းကြောင့်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ယင်းမြို့နယ်များတွင် အင်တာနက်ဖွင့်ပေးရန် အစိုးရထံ အဆိုပြုရန်မရှိသေးကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါ အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်အဖြစ် ယခုလ ၂၁ ရက်နေ့က ရန်ကုန်အပါအဝင် ရခိုင် ပြည်နယ်မှ မြို့နယ်အချို့တွင် တောင်းဆိုမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှ လူငယ်တစ်ဦးကိုလည်း ဇွန်လ ၂၁ ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လှစ်ထားသည်။

အင်တာနက်ပိတ်ပင်ခံထားရသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ လူဦးရေတစ်သန်းခန့်မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှု ပြတ်တောက်နေရကြောင်း အဖွဲ့အစည်းများထံမှ သိရသည်။

ဗီဒီယိုများ