PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နေရာတွင် နိုင်အောင်မငေးကို တာဝန်ပေးအပ်

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို တာဝန်မှ နုတ်ထွက်ခြင်းပြုပြီး ၎င်း၏နေရာတွင် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးကို အဖွဲ့ခေါင်းအဖြစ် တာဝန်ပေးအပ်ကြောင်း ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

07 Jul 2021

DMG ၊ ဇူလိုင် ၇

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို တာဝန်မှ နုတ်ထွက်ခြင်းပြုပြီး ၎င်း၏နေရာတွင် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးကို အဖွဲ့ခေါင်းအဖြစ် တာဝန်ပေးအပ်ကြောင်း ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ တာဝန်မှနုတ်ထွက်စာတင်ထားခြင်းဖြစ်ပြီး PPST အစည်းအဝေး (၁၇| ၂၀၂၁) က လက်ခံအတည်ပြုပြီး ယင်းသို့ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အား စတုတတ္တအကြိမ်မြောက် NCA-S-EAO တို့၏ ထိပ်သီးအ စည်းအဝေး ဒုတိယပိုင်းပြီးမြောက်သည်အထိ နိုင်အောင်မငေးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗိုလ်မှူးကြီး စိုင်းငင်းတို့က အဖွဲ့ဝင်အဖြစ်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

PPST ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင်က ကရင်အမျိုး သားအစည်းအရုံး KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။

KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တာဝန်မှနုတ်ထွက်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးယွက်စစ်သည် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့မှစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီ ဥက္ကဋ္ဌအဖြစ် နှစ်နှစ်ကျော် တာဝန်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုက ရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ်မရေးထိုးထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ NCA လက်မှတ်ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ