NCA - EAO ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံမည့်ကိစ္စ အဆင်သင့်မဖြစ်သေးဟုဆို

စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲ့တို့ မြန်မာ့ငြိမ်းချမ်းရေး အလွတ်သဘော တွေ့ဆုံ ဆွေးမည့်ကိစ္စ စစ်ကောင်စီဘက်က အဆင်သင့်မဖြစ်သေးကြောင်း သိရသည်။

By Admin 13 Dec 2022

NCA - EAO ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံမည့်ကိစ္စ အဆင်သင့်မဖြစ်သေးဟုဆို

NCA လက်မှတ်ရေးထိုးထားသော EAOs တို့ ၏ ထိပ်သီးညီလာခံအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- NCA-S EAO

DMG | ဒီဇင်ဘာ ၁၃

စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲ့တို့ မြန်မာ့ငြိမ်းချမ်းရေး အလွတ်သဘော တွေ့ဆုံ ဆွေးမည့်ကိစ္စ စစ်ကောင်စီဘက်က အဆင်သင့်မဖြစ်သေးကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရန် EAO ၇ ဖွဲ့က အဆိုပြုလွာကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က ပေးပို့ခဲ့သော်လည်း စစ်ကောင်စီဖက်က အဆင်သင့်မဖြစ်သေးကြောင်းကို နောက်တစ်နေ့ (ဒီဇင်ဘာ ၈ ရက်)နေ့က အကြောင်းပြန်လာခြင်းဖြစ်သည်။

EAO ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ ကျနော်တို့က တဆင့်ဆင့် အလွတ် သဘောတွေ့ဆုံပြီးရင် တရားဝင်အစည်းအဝေး လုပ်ဆောင်သွားဖို့ ကြိုးစားထားတာပေါ့။ နောက်တစ်ရက်မှာ သူတို့ဖက်က သဘောထားပြန်ကြားချက်ကတော့ လောလောဆယ် လက်ရှိ တစ်နိုင်လုံးမှာ ဖြစ်ပွားနေတဲ့ အခက်အခဲ ကြောင်းဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ဖက်က လောလောဆယ် ကျနော်တို့ အဆိုပြုမှုအပေါ်မှာ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြန်ကြားချက်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ အဆိုပြုထားတဲ့အတိုင်း တွေ့ဆုံနွေးနိုင်ခြေ မရှိသေးဘူး” ဟု DMG သို့ ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၏ ၂ နှစ်တာကာလ နိုင်ငံရေး အခက်အခဲ၊ အကျပ်အတည်ကိစ္စရပ်ကို ကျော်လွှားနိုင်အောင် ဖြေရှင်းမည့်အရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မူလက ရည်ရွယ်ထားသော်လည်း လက်ရှိတွင် တွေ့ဆုံဆွေးနွေးမည့်နေ့ကို အတိအကျ မသိရသေးကြောင်းလည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကျနော်တို့ နိုင်ငံမှာဆိုရင် ၂ နှစ်တာကာလကို ရောက်နေပြီလေ။ အခက်အခဲတွေ၊ အကျပ်အတည်းတွေ စိန်ခေါ်မှုတွေက ဘယ်အစိုးရလက်ထပ်မှာမှ မကြုံခဲ့ဖူးတဲ့ အခြေအနေကို ကျနော်တို့ ရင်ဆိုင်ကျော်ဖြတ်နေရတာ။ ဒီအခက်အခဲတွေ၊ အကျပ်အတည်းတွေကို ဘယ်အချိန်ထိ သွားမယ် ဆိုတာကို မမြင်ရဘူး။ ဆက်လက်ပြီးတော့ အခက်အခဲတွေရှိလာနေတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကျော်လွှားနိုင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အဓိကတွေ့ဆုံ ဆွေးနွေးသွားဖို့ ဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည့် EAO ၇ ဖွဲ့များမှာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

အဆိုပါ EAO ၇ ဖွဲ့က စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ထံသို့ ပြီးခဲ့သည့် (ဒီဇင်ဘာ ၇) ရက်နေ့ က ပေးပို့သည့်စာတွင် ဆွေးနွေးပွဲကို သိုသိုသိပ်သိပ်လုပ်ရန် ပြင်ဆင်ထားကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးတွင် အဆိုပြုချက် ၄ ချက်အပေါ် အပြုသဘောဆောင်သည့် သဘောထားကို ညှိနှိုင်းလိုကြောင်း ပါရှိသည်။

အဆိုပါ စာတွင် ပါဝင်သည့် အချက် ၄ ချက်မှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ချင်းမိုင်းမြို့တွင် တစ်ဖက်လျှင် ကိုယ်စားလှယ် အနည်းငယ်ဖြင့် ကနဦး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ သိုသိပ်စွာ စတင်ခြင်း၊ ဒီဇင်ဘာ ၁၅-၁၇ ရက်နေ့ တောင်ကြီးမြို့(သို့မဟုတ်)မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘော တွေ့ဆုံလိုခြင်းတို့ပါဝင်သည်။

ယင်းအပြင် ဆက်လက်ပြီး နှစ်ဖက်သဘောထားများအား ညှိနိူင်းဆွေးနွေးခြင်းတို့နှင့်အတူ ဒီဇင်ဘာ ၁၅- ၁၇ ရက်နေ့တွင် ရန်ကုန်၌ တရားဝင်ဆွေးနွေးမှုများ ဆက်လက်ကျင်းပပြီး ညှိနိူင်းဆွေးနွေးခြင်းနှင့် ရရှိသည့် နှစ်ဖက် လက်ခံသော ဘုံသဘောထားများနှင့် သဘောတူညီချက်များအား နှစ်ဖက်အတွက် သင့်တော်သည့်နေရာနှင့် အချိန်တွင် စုပေါင်း၍ တရားဝင်လက်မှတ်ရေးထိုးခြင်း စသည့် အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံတွင် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ရှိပြီး ယင်းအထဲမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၃ ဖွဲ့တို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည့်အပြင် လက်နက်ကိုင်တော်လှန်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဗီဒီယိုများ