စစ်တွေမြို့မဈေးတွင် ဈေးမရောင်းရနေရာအားရှင်းလင်းစဉ် စည်ပင်ဝန်ထမ်းနှင့် ဈေးသည်အချို့ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးတွင် ဈေးမရောင်းရနယ်မြေအဖြစ်သတ်မှတ်ထားသည့်နေရာတွင် ဈေးရောင်းချနေသူများကို ယနေ့နံနက်ပိုင်းကတားဆီးစဉ် စည်ပင်ဝန်ထမ်းနှင့် ဈေးသည်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

24 Nov 2021

DMG ၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးတွင် ဈေးမရောင်းရနယ်မြေအဖြစ်သတ်မှတ်ထားသည့်နေရာတွင် ဈေးရောင်းချနေသူများကို ယနေ့နံနက်ပိုင်းကတားဆီးစဉ် စည်ပင်ဝန်ထမ်းနှင့် ဈေးသည်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးနှင့် ဝန်ထမ်းတစ်ဦးတို့မှာ မျက်နှာတွင် ကုတ်ခြစ်ဒဏ်ရာ၊ လက်နှင့်ကျောကုန်းတွင် ရောင်ရမ်းဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ရှင်းလင်းရာတွင်ပါဝင်ခဲ့သည့် အမည်မဖော်လိုသော စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဒီနေရာမှာ ဈေးမရောင်းရတဲ့အတွက် ဈေးသည်တွေကို ဈေး(၁)နေရာဘက်ကို ပြောင်းပေးထားပါတယ်။ ဒီလမ်းကိုရှင်းစေချင်လို့ပါ။ ဒါပေမဲ့သူတို့က ဒီနေရာမှာပြန်လည်ပြီး ဈေးရောင်းနေကြတယ်။ ဈေးဆက်မရောင်းဖို့အသိပေးခဲ့ပြီး အခြားဘက်တွေကိုလှည့်စစ်ဆေးရာကပြန်လာချိန်မှာ သူတို့ကဈေးဆက်ရောင်းနေတာမို့ ပစ္စည်းတွေသိမ်းခဲ့တယ်။ အဲဒီအချိန်မှာပဲ ဈေးသည်က စည်ပင်ဝန်ထမ်းတွေကို ထီးအရိုးသံတုတ်နဲ့ရိုက်တာ”ဟု ၎င်းက ပြောသည်။

ယင်းသို့ ဈေးမရောင်းရနေရာတွင် ဈေးရောင်းချ၍ စည်ပင်ဝန်ထမ်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ဈေးသည်အမျိုးသမီးနှစ်ဦးကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

စစ်တွေမြို့မဈေးအတွင်းဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက “သူတို့ကို ဆိုင်ခန်းနေရာအသစ်တွေချထားပေးတာကို အဲ့ဒီဆိုင်ခန်းတွေကိုရောင်းပြီး ဒီလမ်းပေါ်မှာပဲ ဈေးပြန်လာရောင်းတယ်။ ဒါကို စည်ပင်ကမရောင်းဖို့ပြောတော့လည်း မရဘူး။ ဒီနေ့ဖြစ်ရပ်က စည်ပင်က သူတို့သစ်သီးဗန်းကိုသိမ်းယူချိန် ဈေးသည်နှစ်ယောက်က စည်ပင်ဝန်ထမ်းတွေကိုရိုက်တာ”ဟု ပြောသည်။

စည်ပင်ဝန်ထမ်းကိုရိုက်နှက်ခဲ့သည်ဆိုသော ဈေးသည်အမျိုးသမီးနှစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် (ပ)၂၉၀/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၂ (တာဝန်ဝတ္တရားနှောက်ယှက်မှု)၊ ပုဒ်မ ၂၉၄(ဆဲဆိုမှု)၊ ပုဒ်မ ၁၁၄(ပူးပေါင်းပါဝင်ကြံစည်မှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့အမှုဖွင့်ခံထားရသည့် ဈေးသည်နှစ်ဦး၏ တုန့်ပြန်ချက်ကို ရရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ဈေးရောင်းချသူများအနေဖြင့် သတ်မှတ်ထားသည့်နေရာများတွင် ဈေရောင်းချစေလိုကြောင်း ပြောသည်။

“ဈေးရောင်းချသူတွေအနေနဲ့လည်း စည်းကမ်းရှိဖို့လိုသလို ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုလည်း လိုနာဖို့လိုပါတယ်။ ဒီနေ့အဖြစ်အပျက်က မဖြစ်သင့်တဲ့ကိစ္စမို့ ထိထိရောက်ရောက် ဒီကိစ္စကိုကိုင်တွယ်ဖို့လိုမယ်”ဟု ၎င်း၏အမြင်ကိုပြောသည်။

စစ်တွေမြို့မဈေးတွင် ဈေးရောင်းချသူများအနေဖြင့် ဈေးရှေ့၊ ဈေးလမ်းတို့တွင် ရေမြောင်းကျော်ပြီးဈေးမရောင်းချရန်၊ လက်တွန်းလှည်းဖြင့် ဈေးရောင်းချခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါကဒဏ်ကြေးငွေ ကျပ်သုံးသောင်းပေးဆောင်ရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ နိုဝင်ဘာလ ၂၃ ရက်နေ့က သတိပေးစာဗီနိုင်းများ ဈေးရှေ့တွင်ကပ်ထားသည်။

ဗီဒီယိုများ