စစ်ရှောင်အဝေးသင်ကျောင်းသားများကို ထောက်ပံ့ရာတွင် အစိုးရပူးပေါင်းပါဝင်လျှင် အဆင်ပြေမည်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် အဝေးသင်ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးပေးရာတွင် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်လျှင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

By ကျော်သူဌေး 22 Oct 2019

Photo - REC

ကျော်သူဌေး | DMG

အောက်တိုဘာ ၂၂၊စစ်တွေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် အဝေးသင်ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးပေးရာတွင် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်လျှင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

REC သည် စစ်ဘေးရှောင်များ၏ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေသည့် စစ်တွေအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့အဖွဲ့က အဝေးသင်တက္ကသိုလ် တက်ရောက်နေကြသည့် စစ်ဘေးရှောင်ကျောင်းသား၊ကျောင်းသူတချို့ကို ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီးနောက် DMG ကို အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အဖွဲ့အစည်းက ပညာသင်ထောင့်ပံ့ကြေးပေးဖို့အစီအစဉ်က ရှိမနေဘူး။ လတ်တလော အရေးပေါ် လိုအပ်ချက်တစ်ခုအဖြစ် ကျနော်တို့မှာ ရှိတဲ့ဟာလေးက ဖဲ့ပြီးတော့ လုပ်လိုက်တာပါ။ အစိုးရဖက်မှာ ဒီအစီအစဉ်ရှိသင့်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ဒီအစဉ်အစီမှာ ဆောင်ရွက်ပေးနိုင်ရင်တော့ ကျောင်းသားတွေအတွက် ပိုပြီး အထောက်အကူဖြစ်စေပါတယ်”ဟု ကိုဇော်ဇော်ထွန်းကပြောသည်။

စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေရသောကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် အဆင်မပြေသဖြင့် ငွေကြေး အခက်အခဲရှိ၍ အဝေးသင်တက္ကသိုလ်တက်ရန် အခက်အခဲရှိသည်ဟု REC မှ ပညာသင်ထောက်ပံ့ကြေးရရှိသည့် မဦးဆန်းနွယ်က ပြောသည်။

“ညီမတို့ရွာက တောတောင်တွေနဲ့နီးတာပေါ့။ တောတောင်တွေမှာ တိုက်ပွဲတွေဖြစ်လို့လမ်းတွေမှာ မိုင်းခဏခဏပေါက်ကွဲမှုတွေဖြစ်ပြီး ရွာမှာ မနေရဲဘူး။ ဘေးလွတ်ရာကို ထွက်ပြေးရတယ်။ အလုပ်မလုပ်ရဲတော့ ဝင်ငွေက မရှိဘူး။ စီးပွားရေးက အဆင်မပြေဘူး။ အခုလို REC ကထောက်ပံ့ပေးတဲ့အတွက် နည်းနည်းပါးပါးလောက်တော့ အဆင်ပြေပါတယ် ” ဟု မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုကျေးရွာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် မဦးဆန်းနွယ်က ပြောသည်။

REC သည် စစ်ဘေးရှောင်စခန်းရှိ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ (၄၇)ဦးကို ထောက်ပံ့ရန် အစီအစဉ်ရှိပြီး ပထမအသုတ်အနေဖြင့် မြန်မာစာနှင့် သမိုင်းမေဂျာ အထူးပြုကျောင်းသား၊ကျောင်းသူ (၂၀)  ဦးကို ထောက်ပံ့ခဲ့သည်။

၎င်းတို့အတွက် အခမဲ့ဝိုင်းကျုရှင်နှင့် အဆောင်နေခွင့်အပြင် စားစရိတ်အတွက် (၄၀၀၀၀) ကျပ်၊ လမ်းစရိတ် (၁၀၀၀၀) ကျပ်နှင့် အထွေထွေသုံးစွဲနိုင်ရန် (၂၀၀၀၀) ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၆၄၀၀၀)ကျော် အထိရှိသည်။

ဗီဒီယိုများ