စရဖတပ်ကြပ် သေဆုံးမှုဖြင့် လူငယ်လေးဦးတို့ကို အမှုစွဲတင်၊ ရဲအာမခံဖြင့် လွှတ်ပေးထားသည့် လူငယ်သုံးဦး ပါဝင်

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ် ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့်လုပ်ကြံခံရပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လူငယ်လေးဦးကို ပုဒ်မ ၃၀၂/၃၄ ဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်တွေခရိုင် တရားရုံးတွင် အမှုစွဲတင်ခဲ့ကြောင်း သိရသည်။

15 Jan 2019

ခိုင်ရိုးလ / DMG

ဇန်နဝါရီ ၁၄ ၊ စစ်တွေ

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ် ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့်လုပ်ကြံခံရပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လူငယ်လေးဦးကို ပုဒ်မ ၃၀၂/၃၄ ဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်တွေခရိုင် တရားရုံးတွင် အမှုစွဲတင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အမှုစွဲတင်ခံရသူလေးဦးထဲတွင် ရဲအာမခံဖြင့် လွှတ်ပေးထားသည့် အောင်ဇော်လင်း၊ မေယုထွန်းနှင့် ခိုဘိုဘိုတို့လည်း ပါဝင်ခဲ့ပြီး ၎င်းတို့ကို ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လည်ဖမ်းဆီးကာ အမှုစွဲတင်ခဲ့ခြင်းဖြစ်သည်။

၎င်းလူငယ်သုံးဦးတို့ကို စရဖတပ်ဖွဲ့ဝင်သေဆုံးခဲ့မှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့သည်။

အဆိုပါ စရဖသေဆုံးမှုဖြင့် အမှုစွဲတင်ခံရသည့် နောက်ထပ်လူငယ်တစ်ဦးဖြစ်သည့် ကိုရဲဇော်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ရခိုင်တိုင်းရင်းသားကျေးရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရဲအာမခံဖြင့် လွှတ်ပေးထားသည့် လူငယ်သုံးဦးအား ကိုရဲဇော်နှင့်အတူ အမှုစွဲတင်ခံရခြင်းမှာ CID မှ စွဲဆိုခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

“ကိုအောင်ချေတို့ကို ပြန်လွှတ်ပေးခဲ့တာက ဥပဒေက အမှုနဲ့အငြိစွန်းမှုမရှိ ဆိုတဲ့အကြံပြုချက်နဲ့ ရဲအာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာ။ အခုခါပြီးမှ ငြိစွန်းတယ်ဆိုပြီးတော့ ပြန်ဖြစ်သွားတာ။ ဒါက CID က ထပ်ပြီးတော့ ရဲဇော်နဲ့အတူ စွဲခြင်းဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ ဥပဒေမဲ့လုပ်ရပ်အဖြစ် ပေါ်လွင်နေကြောင်း အမှုစွဲတင်ခံထားရသူတစ်ဦးဖြစ်သည့် ကိုအောင်ဇော်လင်းက ပြောသည်။

“ကျွန်တော်တို့ကို ဖမ်းဆီးတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပြီ။ လူငယ်တွေကို အမြဲတမ်း ဒီလိုဖိနှိပ်နေတာဟာ ဥပဒေမဲ့ လုပ်ရပ်တစ်ခုလို့မြင်တယ် ” ဟု ၎င်းက ပြောသည်။

စရဖတပ်ဖွဲ့ဝင် သေဆုံးမှုဖြင့် စွဲချက်တင်ခံထားရသည့် လူငယ်လေးဦးသည် ရခိုင်ပြည်နယ်အတွင်း လူမှုရေး၊ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများလည်း ဖြစ်သည်။

စရဖတပ်ဖွဲ့မှ တပ်ကြပ်ဝင်းထိုက်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက စစ်တွေမြို့ ဝင်္ကာပါကွင်း၌ ကျင်းပသည့် ဈေးပွဲတော်အတွင်း သေနတ်ဖြင့် အနီးကပ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် -

ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ကိုရဲဇော်ကို ချုပ်ရမန်ထပ်ယူ

စရဖတပ်ကြပ် ဖိုးလုံးသေဆုံးမှုကြောင့် ကိုးဦးမြောက် ဖမ်းဆီးခံရသူ ကိုရဲဇော်

ဖိုးလုံးသေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ လူငယ်သုံးဦးကို ရမန်ထပ်ယူ

ရှုပ်ထွေးလာတဲ့ ဖိုးလုံးလုပ်ကြံခံရမှု

 

 

 

ဗီဒီယိုများ