ကေအန်ယူ တပ်မဟာ(၁)နှင့် တပ်မဟာ(၆)နယ်မြေများတွင် ယနေ့ထိတိုက်ပွဲဆက်ဖြစ်၊ မြန်မာစစ်တပ်မှ လေကြောင်းအသုံးပြုနေ

ကရင်အမျိုးသားအစည်းရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ(၁)နှင့် တပ်မဟာ(၆)နယ်မြေများတွင် ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နေ့လည်၂နာရီခွဲအချိန်အထိ မြန်မာစစ်တပ်နှင့် KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

18 Dec 2021

ပုံစာ - ကြပ်သောင်းဆိပ်စခန်းကို KNLA တပ်မဟာ(၁)မှ ဝင်ရောက်စီးနင်းရာတွင် BGF အဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရစဉ်။

DMG ၊ ဒီဇင်ဘာ ၁၈

ကရင်အမျိုးသားအစည်းရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ(၁)နှင့် တပ်မဟာ(၆)နယ်မြေများတွင် ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နေ့လည်၂နာရီခွဲအချိန်အထိ မြန်မာစစ်တပ်နှင့် KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ(၁)ရှိ မြန်မာစစ်တပ်စခန်းတစ်ခုဖြစ်သည့် ကြပ်သောင်းဆိပ်စခန်းကို မနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညပိုင်းအချိန်တွင် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဝင်ရောက်ပစ်ခတ်ပြီး စခန်းသိမ်းမှုဆောင်ရွက်နိုင်ခဲ့ကြောင်း KNLA တပ်မဟာ(၁)နှင့် နီးစပ်သူတစ်ဦးက DMG ကိုပြောသည်။

"မနေ့ညက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ကြပ်သောင်းစခန်းကို အင်အားအလုံးအရင်းနဲ့ဝင်တိုက်ခဲ့တာ။ အဲ့နေရာက BGF တွေပါ တပ်စွဲနေတာပေါ့နော်။ အဲတာကိုစခန်းကိုအောင်မြင်စွာဝင်စီးပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်"ဟု အဆိုပါနီးစပ်သူကပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာစစ်တပ်နှင့်ပူးပေါင်းထားသည့် နယ်ခြားစောင့်တပ်(BGF)မှ ၅ဦးထက်မနည်းကျဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရရှိခဲ့သူများရှိခဲ့ကြောင်း ကေအန်ယူသတင်းရင်းမြစ်က ဖော်ပြသည်။

ထို့အပြင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ကြပ်သောင်းရွာအရှေ့ဘက်သို့ ကျည်ထိမှန်မှုများရှိခဲ့ပြီး ရွာသူနှစ်ဦးသေဆုံးခဲ့ကာ ရွာတွင်းနေထိုင်သည့် ဒေသခံ ၅၀၀ ကျော်မှာလည်း နီးစပ်ရာတောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။
ထိုစခန်းသိမ်းတိုက်ပွဲကြောင့် မြန်မာစစ်တပ်မှ လေကြောင်းထောက်လှမ်းမှုအဖြစ် လေယာဉ်ဝဲပျံမှုများရှိနေကြောင်း KNLA တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"လေယာဉ်ဝဲပျံတာဟုတ်တယ်။ စခန်းသိမ်းနေတုန်းပဲဝဲတာ။ အဲတာအခြေအနေစောင့်ကြည့်နေတာတော့ရှိတယ်"ဟု ၎င်းကဆိုသည်။

ထို့အပြင် အာရှလမ်းမကြီးဖြစ်သည့် မြဝတီ-ကော့ကရိတ်ကားလမ်းမကြီးအနီး တော်နော်ရေတံခွန်အနီးတွင် KNLA တပ်မဟာ(၆)ပူပေါင်းအဖွဲ့ နှင့် မြန်မာစစ်တပ်ကြား မနေ့၌တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ အရာရှိ ၃ ဦးအပါအဝင် ၁၈ ဦးခန့်ကျဆုံးခဲ့သည်။

လက်ရှိအချိန်တွင် လေးကေ့ကော်မြို့သစ်သို့ KNLA ပူးပေါင်းအဖွဲ့များကို တိုက်ခိုက်ရန်အတွက် မြန်မာစစ်တပ်မှ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ မြဝတီ၊ ကျုံဒိုး၊ ဘားအံနှင့် မော်လမြိုင်တို့မှ တပ်အင်အားတစ်ထောင်ကျော် အင်အားဖြည့်တင်းထားပြီး သံချပ်ကာယာဉ်များနှင့် လေကြောင်းတိုက်ခိုက်မှုများပါပြုလုပ်ရန်အတွက်ပါစီစဉ်နေသည့်အပြင် ယနေ့ နေ့လည် ၂ နာရီခွဲကျော်မှစပြီး လေးကေ့ကော်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရသည်။

ထို့အပြင် စစ်ဘေးရှောင် ၃၀၀၀ နီးပါးမှာ ထိုင်းနိုင်ငံမဲဆောက်စစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်နေရပြီး မြန်မာစစ်တပ်မှ လက်နက်ကြီများရမ်းသမ်းပစ်ခတ်မှုကြောင့် စခန်းအတွင်းကျည်ကျရောက်ခဲ့ပြီး စစ်ဘေးရှောင်အသက်ကြီးရွယ်အိုနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိထားသည်။

ထိုင်းနိုင်ငံ တော်ဝင်စစ်တပ်မှလည်း လက်နက်ကြီးများ နိုင်ငံအတွင်းသို့ထပ်မံကျရောက်လာပါက စစ်ရေးအရ တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာစစ်တပ်ထံသို့အသိပေးအကြောင်းကြားသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်နေရာအနီးတွင် တော်ဝင်တပ်များမှာ ရဟတ်ယာဉ်များဝဲပျံကင်းပတ်ကာ စစ်အင်အားဖြည့်တင်း၍ လုံခြုံရေးတိုးမြင့်ထားကြောင်း ထိုင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ဗီဒီယိုများ