မောင်တောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထွက်ပြေး၊ တစ်ဦးကို ပြန်ဖမ်းမိ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်သား သုံးဦးမှာ စခန်းမှထွက်ပြေးခဲ့ကြပြီး တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

By Admin 21 Jul 2023

မောင်တောမြို့နယ်အတွင်း လုံခြုံရေးယူနေသော နယ်ခြားစောင့်ရဲတချို့ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။
မောင်တောမြို့နယ်အတွင်း လုံခြုံရေးယူနေသော နယ်ခြားစောင့်ရဲတချို့ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၁

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်သား သုံးဦးမှာ စခန်းမှထွက်ပြေးခဲ့ကြပြီး တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်က မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့နယ် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်ရှိ တပ်စခန်းတစ်ခုမှ နယ်ခြားစောင့်ရဲတပ်သား (၃) ဦးမှာ ကင်းလှည်းနေစဉ် ထွက်ပြေးခဲ့ကြောင်း သိရသည်။

“အဲဒီစခန်းက တပ်သားတစ်ဦးကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာရှိတယ်။ ဒါကြောင့် သူတို့ကိုလည်း လာဖမ်းနိုင်တယ်ထင်ပြီး ထွက်ပြေးကြတာထင်တယ်။ အဲဒီနေရာက ဘင်္ဂလားဒေ့ရှ်နဲ့လည်းနီးတော့ အဲဒီဘက်ကို ကျော်သွားတာဖြစ်နိုင်တယ်။ သူတို့ကိုပြန်တွေ့ဖို့တော့ မလွယ်လောက်ဘူး” ဟု စခန်းအနီးရှိ မီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါစခန်းတွင် တာဝန်ကျနေသည့် ကြိမ်ချောင်းကျေးရွာမှ ရဲတပ်သား ကျော်မျိုးဦးကို ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ ရက်နေ့တွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

“AA ဆက်စပ်တယ်ဆိုပြီး လာဖမ်းမှာကိုကြောက်လို့ ထွက်ပြေးကြတာလို့ ပြောကြတယ်။ ပြီးတော့ ထွက်ပြေးသွားတဲ့ ရဲတပ်သားသုံးဦးစလုံးကလည်း ရခိုင်လူမျိုးတွေဖြစ်တယ်လို့ ကြားရတယ်” ဟု တောင်ပြိုလက်ဝဲမြို့ခံတစ်ဦးက ပြောသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းညဂြစ်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦး မှာလည်း ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကင်းစောင့်နေစဉ် ထွက်ပြေးသွားခဲ့သဖြင့် လိုက်ရှာကြရာတွင် ညနေပိုင်းတွင် ဖမ်းမိသွားကြောင်း သိရသည်။

“အဲဒီဖမ်းမိသွားတဲ့ တပ်သားကို အထက်အရာရှိတွေက တော်တော်ဒဏ်ပေးထားပုံပေါ်တယ်။ အဲဒီတပ်သားကို ရိုက်နှက်သံနဲ့ အော်သံဟစ်သံတွေကို ကျနော်တို့ရွာကနေ ကြားရတယ်။ ထမင်းမကျွေးဘဲ မိုးရေထဲမှာ တစ်ညလုံး ချုပ်ထားတယ်လို့ ကြားရတယ်” ဟု ဂြစ်ချောင်း(မြို) ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါစခန်းမှာ ဂြစ်ချောင်းကျေးရွာ မြောက်ဘက် ၃ ဖာလုံကျော်အကွာတွင် ၂၀၂၃ ခုနစ် ဇွန်နဝါရီလက စတင်စခန်းချခဲ့ပြီး ကြိမ်ချောင်(၂၄)ဗျူဟာတပ်ရင်း၏ ကင်းစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဖုန်းဆက်သွယ်ခဲ့ရာ “ဝန်ကြီး အစည်းအဝေးတက်နေပါတယ်။ မအားသေးပါဘူး” ဟု ဖုန်းလက်ခံဖြေဆိုသူက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ် ရပ်စဲပြီးနောက် စခန်းမှထွက်ပြေးသွားကြသော နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲဝင် ၁၄ ဦးထက်မနည်းရှိကြောင်း DMG ၏ စာရင်းအရ သိရသည်။

၎င်းတို့မှာ - မတ်လ ၆ ရက်နေ့က မောင်တော မြင်းလွှတ် နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်လေးဦး၊ မတ်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ် နယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး၊ ဧပြီလ ၁ ရက်နေ့က ဘူးသီးတောင် အခြေစိုက် ခလရ(၂၆၃) တပ်ရင်းမှ တပ်သားလင်မယားနှစ်ဦး၊ ဇူလိုင်လ ၃ ရက်နေ့က မောင်တော ငါးခူရနယ်မြေ နယ်ခြားစောင့်စခန်းက သုံးဦးနှင့် လတ်တလောထွက်ပြေးသွားသူများ ဖြစ်သည်။ လက်ရှိစာရင်းသည် DMG က လက်လှမ်းမီသလောက် ကောက်ယူထားခြင်းသာ ဖြစ်သည်။

အပစ်ရပ်ကာလတွင် စစ်ကောင်စီ တပ်ဖွဲဝင်နှင့် ရဲများ ထွက်ပြေးလာကြခြင်းမှာ တစ်နိုင်ငံလုံးတွင် ရင်ဆိုင်နေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရှုံးနိမ့်မှုများရှိနေပြီး အသက်အာမခံချက်မရှိခြင်း အပါအဝင် အခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြသည်။

#I011

ဗီဒီယိုများ