ဂွမြို့နယ်တွင် တရုတ်၏ လေအားလျှပ်စစ်စီမံကိန်း တိုင်းတာမှုအောင်မြင်၍ လုပ်ငန်းစတင်ရန်ပြင်ဆင်

ရခိုင်ပြည်အတွင်းဖော်ဆော်မည့် တရုတ်၏ လေအားလျှပ်စစ်စီမံကိန်းများထဲမှ ဂွမြို့နယ်တွင် ဆန်းစစ်သည့်အဆင့် ပြီးဆုံးတော့မည်ဖြစ်၍ လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်နိုင်ကြောင်း သိရသည်။

By Admin 25 Oct 2023

လေအားလျှပ်စစ် စီမံကိန်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - အင်တာနက်
လေအားလျှပ်စစ် စီမံကိန်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - အင်တာနက်

DMG ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်အတွင်းဖော်ဆော်မည့် တရုတ်၏ လေအားလျှပ်စစ်စီမံကိန်းများထဲမှ ဂွမြို့နယ်တွင် ဆန်းစစ်သည့်အဆင့် ပြီးဆုံးတော့မည်ဖြစ်၍ လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်နိုင်ကြောင်း သိရသည်။

စီမံကိန်းနှင့်ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူများက ပထမခြေလှမ်းအဖြစ် ဒေသတွင်း လေတိုက်နှုန်းနှင့် အခြားလိုအပ်ချက်များကို အချိန် ၈ လခန့်ကြာ လေ့လာဆန်းစစ်ခဲ့ရာ ဖြစ်နိုင်ခြေရှိသည့်အတွက် စီမံကိန်းစတင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိတွင် လေတိုက်နှုန်း၊ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုများကို စစ်ဆေးမှုများ ပြီးဆုံးတော့မည်ဖြစ်၍ မကြာမီ လုပ်ငန်းအကောင်အထည်ဖော်လာနိုင်ကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ဖော်ပြောလာသည်။

“မကြာခင်က အဲဒီကုမ္ပဏီ ၂ ခုထဲမှာ တစ်ခုက ကျနော်တို့ အစိုးရအဖွဲ့ကို လာတွေ့တယ်။ တွေ့တဲ့အခါ သူတို့က လုပ်နိုင်မယ်လို့ပြောတယ်” ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

စီမံကိန်းကို ဂွမြို့အရှေ့ဘက်ရှိ လေကာတောင်ပေါ်တွင် လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့်မတ်လက လေကာတိုင်များစိုက်ထူ၍ စမ်းသပ်ခဲ့သည်။ ရရှိသည့် လျှပ်စစ်စွမ်းအားကိုလည်း အမျိုးသားစွမ်းအင်လိုင်း (ပင်မဓာတ်အားလိုင်း)ထဲ ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း ဦးလှသိန်းက ဆက်ပြောသည်။

ရခိုင်ပြည်အတွင်းက အမ်း၊ ဂွ၊ သံတွဲမြို့နယ်တို့တွင် လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူစာချုပ်ကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံကိန်းဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Eco energy Development Limited နှင့် Yunnan Machinery and Equipment Import and Export Co., Ltd. တို့ကြား ပြီးခဲ့သည့်မတ်လက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုစီမံကိန်းထဲမှ ဂွတွင် ၁၀၀ မဂ္ဂါဝပ်၊ သံတွဲတွင် ၁၁၀ မဂ္ဂါဝပ်၊ အမ်းတွင် ၁၅၀ မဂ္ဂါဝပ်တို့ကို ထုတ်ရန် လျာထားခြင်းဖြစ်သည်။

ဂွမြို့နယ်မှ ရရှိမည့် လေအားလျှပ်စစ်များကို‌ ဧရာဝတီတိုင်းကို ဖြန့်ဖြူးမည်ဟု သတင်းများထွက်ပေါ်နေ၍ ဒေသခံများကြား စီမံကိန်းနှင့်ပတ်သက်ပြီး မျှော်လင့်ချက်မဲ့နေကြောင်း ဂွမြို့မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

“အခုလေအားလျှပ်စစ်က ဧရာဝတီတိုင်းဖက်ကို ပေးမယ်လို့ကြားတယ်။ ကျနော်တို့မြို့နယ်ကတော့ ဘာမှ ထူးထူးခြားခြား ဖြစ်လာမယ်မထင်ဘူး။ ဒါပေမယ့် အခုလို လျှပ်စစ်မီးမမှန်တဲ့အချိန်မျိုးမှာ အဲဒီကနေထုတ်တဲ့ လျှပ်စစ်ဓာတ်အားကို မြို့နယ်မှာ ၂၄ နာရီရနေမယ်ဆိုရင်တော့ တမျိုးကောင်းတာပေါ့” ဟု ဂွမြို့ခံတစ်ဦး ပြောသည်။

အမ်းမြို့နယ်အတွင်း အကောင်အထည်ဖော်မည့် လေအားလျှပ်စစ်စီမံကိန်းမှာ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ဖော်ဆောင်ခြင်းကို မတွေ့ရသေးသော်လည်း စီမံကိန်းအကောင်အထည်ဖော်မည်ဆိုပါက ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရန် ရှင်းပြသင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

“အထူးသဖြင့် စက်ယန္တရားတွေကိုအခြေခံပြီးမှ စီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ့် သဘောဆိုတော့ သဘာဝအရင်းအမြစ်တွေ ပျက်စီးနိုင်တယ်။ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ အခွင့်အရေးတွေနဲ့ သူတို့ရဲ့ သဘောဆန္ဒကို မယူဘဲ အတင်းအကျပ်ရွေ့ပြောင်းခံရမယ့်အခြေအနေတွေကိုတော့ စိုးရိမ်မှုရှိပါတယ်” ဟု အမ်းဒေသခံ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။

မြန်မာပြည်တွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုနှင့်ပတ်သက်၍ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် တရုတ်ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရခိုင်ပြည်တွင် ယခုထုတ်လုပ်မည့် လေအားလျှပ်စစ်စီမံကိန်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံကြား မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် လျှပ်စစ်ကဏ္ဍစီမံကိန်းတစ်ခုလည်း ဖြစ်သည်။

 

ဗီဒီယိုများ