ရန်ကုန်တွင် စက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ကန့်သတ်ခံထားရမှုကြောင့် အခက်ကြုံနေရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလက်မှုလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ကို အချိန်အကန့်အသတ်နှင့်သာ ခွင့်ပြုထားသဖြင့် စက်ရုံပုံမှန်လည်ပတ်ရန် အခက်ကြုံတွေ့နေရသည်။

By Admin 02 May 2023

ရန်ကုန်တွင် စက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ကန့်သတ်ခံထားရမှုကြောင့် အခက်ကြုံနေရ

DMG ၊ မေ ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလက်မှုလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ကို အချိန်အကန့်အသတ်နှင့်သာ ခွင့်ပြုထားသဖြင့် စက်ရုံပုံမှန်လည်ပတ်ရန် အခက်ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

လျှပ်စစ်မီး ပုံမှန်မရသည့်အပြင် အချိန်ကန့်သတ်ချက်ဖြင့်သာ သုံးစွဲနေရသည့်အတွက် လုပ်ငန်းရှင်များမှာ မီးစက်များကို အားထားအသုံးပြုနေရပြီး ကုန်ကျစရိတ်မှာလည်း ယခင်ကထက် ပိုမိုများပြားကြောင်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“နွေစပါးပေါ်ရာသီဆိုဖြစ်တော့ ပိုအခက်အခဲဖြစ်ရတယ်။ ဆန်ဈေးမြင့်တက်ရတဲ့ အကြောင်းအရင်းကလည်း လျှပ်စစ်မီးပြတ်တောက်လို့ဖြစ်တာ။ လျှပ်စစ်မီးမသုံးရတော့ စက်သုံးဆီကိုအသုံးပြုရတဲ့ မီးစက်နဲ့ လည်ပတ်နေရတော့တယ်။ စက်သုံးဆီဈေးကလည်းမြင့်တက်တော့ ပိုကုန်ကျတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းများသည် အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲမှုများရှိနေ၍ ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ဌာနမှဖြန့်ဖြူးသော လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် ကန့်သတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ကန့်သတ်ချိန်အတွင်း ဓာတ်အားသုံးစွဲမှု ရှိ/မရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိပါက အရေးယူသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျန်တဲ့အချိန် သုံးလို့ရပါတယ်။ အများသူငှာ သုံးနေတဲ့အချိန် တားမြစ်ထားတာပါ။ စိစစ်တွေ့ရှိရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ဒဏ်ရိုက်အရေးယူသွားမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ (၂၃၀) ကေဗွီနှင့် (၁၃၂)ကေဗွီ လောပိတ မဟာဓာတ်အားလိုင်းများ၏ တာဝါတိုင်များ အကြိမ်ကြိမ် ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်များမှ ထုတ်လုပ်ပို့လွှတ်သော ဓာတ်အားများမှာ လျော့နည်းလျှက်ရှိနေသည်။

ဓာတ်အားပို့လွှတ်နိုင်မှုနှင့် သုံးစွဲမှုနှုန်းမညီမျှခြင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အရေးပေါ်ဝန်အားလျှော့ချခြင်းနှင့် အလှည့်ကျဝန်အားလျှော့ချခြင်းများ ပြုလုပ်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ကန့်သတ်ချက်ထဲတွင် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများအပြင် ညအချိန်ဖွင့်သည့် စီးပွားရေးလုပ်ငန်းများ မပါဝင်ခြင်းအပေါ်မှာ စက်မှုလုပ်ငန်းရှင်များက မကျေမနပ်ဖြစ်နေကြသည်။

“အဲဒီလုပ်ငန်းတွေက လျှပ်စစ်ဓာတ်အား အရမ်းသုံးတဲ့ လုပ်ငန်းတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့က အိမ်သုံးမဟုတ်ဘဲ ပါဝါမီတာသုံးကြတော့ မပါဘူး။ အမှန်က ရပ်ကွက်အတွင်းမှာ သူတို့က လျှပ်စစ်အသုံးများကြတာ။ မီးက ပြောသာပြောရတာ မရတာက များတယ်။ လာပြန်ရင်လည်း ပြန်ပြန်ပြတ်တယ်” ရန်ကင်းမြို့နယ်က အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းယူထားသည်မှာ အချိန် ၂ နှစ်ကျော်အထိ ကြာမြင့်လာပြီး၊ အာဏာသိမ်းပြီးနောက် မီးပုံမှန်မရခြင်းကြောင့် လျှပ်စစ်မီးကို အဓိကအားထားရသော စီးပွားရေးလုပ်ငန်းများ ထိခိုက်နေကြရသည်။

#I004

ဗီဒီယိုများ