လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မော်လမြိုင် အထည်ချုပ်လုပ်ငန်းများတွင် မော်တာစက်အစား ခြေနင်းစက်များကို အသုံးပြုနေရ

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ တပိုင်တနိုင်လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်းများတွင် လျှပ်စစ်မော်တာ အပ်ချုပ်စက်အစား ရိုးရိုးခြေနင်းစက်များကို အသုံးပြုလာရကြောင်း သိရသည်။

By Admin 14 Oct 2023

မော်လမြိုင်မြို့၊ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ
မော်လမြိုင်မြို့၊ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၁၄
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ တပိုင်တနိုင်လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်းများတွင် လျှပ်စစ်မော်တာ အပ်ချုပ်စက်အစား ရိုးရိုးခြေနင်းစက်များကို အသုံးပြုလာရကြောင်း သိရသည်။
အောက်တိုဘာလ ပထမအပတ်မှစ၍ လျှပ်စစ်မီး ပုံမှန်မရတော့ဘဲ ပြတ်တောက်ချိန် များလာခြင်းကြောင့် တပိုင်တနိုင်အထည်ချုပ်လုပ်ငန်းများမှာ လျှပ်စစ်မော်တာ အသုံးပြုမှုကို ရပ်နားခဲ့ရသည်ဟု ဖက်တန်းရပ်ကွက်မှ အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကပြောသည်။
“မီးက ပျက်တဲ့အချိန်က များနေတယ်။ ၂ နာရီလာ ၁၀ နာရီပျက်ပုံစံ ဖြစ်နေတာဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ လျှပ်စစ်မီးရတာ မမှန်တော့ဘူးဆိုတော့ မော်တာစက်တွေက အလကားဖြစ်ကုန်တာပေါ့။ အခု စက်တွေအကုန်ရပ်ထားရတယ်” ဟု ၎င်းကပြောသည်။
လျှပ်စစ်မီး အခြေအနေကြောင့် အလုပ်လုပ်ရာတွင် အချိန်ကြန့်ကြာမှုရှိနေပြီး အော်ဒါအထည်များ လက်ခံရာတွင်လည်း အဆင်မပြေဖြစ်နေကြောင်း တပိုင်တနိုင် အထည်ချုပ်လုပ်ငန်းများမှ သိရသည်။
“မော်တာနဲ့ကျတော့ အော်ဒါထည် အချိန်မီလုပ်နိုင်တယ်လေ။ ခြေနင်းနဲ့ကျတော့ အချိန်မီ မပေးနိုင်တော့ဘူး။ ဒီလျှပ်စစ်မီးနဲ့က ဘယ်လိုမှ အဆင်မပြေဖြစ်ရတာပေါ့” ဟု ရွှေမြိုင်သီရိရပ်ကွက်ရှိ တစ်နိုင်တစ်ပိုင် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်းအခက်အခဲများကြောင့် လုပ်ငန်းရှင်အများစုမှာ လုပ်သမားအချို့ လျော့ချခြင်းနှင့် လုပ်ခလစာ ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အလုပ်သမားများအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံနေရကြောင်းလည်း သိရသည်။
“လစာ အလျော့ခံပြီးတော့ လုပ်နေရတာ။ တချို့ဆို အလုပ်အဖြုတ်ခံရတာတောင်ရှိတယ်။ အလုပ်ဖြုတ်ခံရတာထက်စာရင်တော့ တော်သေးတယ် ပြောရမယ်။ လခနည်းတော့ စားဝတ်နေရေးအတွက် အရင်ကလို အဆင်မပြေတော့ဘူးပေါ့။ တော်တော်လေးကို ရုန်းကန်နေရတယ်” ဟု မောင်ငံရပ်ကွက် ဒေသခံ အလုပ်သမားတစ်ဦးက ပြောသည်။
မော်လမြိုင်တွင် မြို့တွင်းရပ်ကွက်များကို အုပ်စုသုံးခုခွဲကာ နှစ်နာရီကြာ အလှည့်ကျစနစ်ဖြင့် မီးပေးသွားဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဌာနမှ အောက်တိုဘာ ၅ ရက်က အသိပေးထားသည်။
ထိုသို့ အလှည့်ကျစနစ်ဖြင့် မီးပေးနေသော်လည်း လျှပ်စစ်မီး အချိန်မှန်မရသည့်အတွက် ဒေသခံပြည်သူများမှ ဝေဖန်မှုများရှိနေသည်။

ဗီဒီယိုများ