စစ်ရေးပြင်းထန်နေသော ပေါက်တောဒေသ လျှပ်စစ်မီးဖြတ်တောက်ခံရ 

ပေါက်တောဒေသအတွင်း စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေချိန် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ဖုန်းဆက်သွယ်ရေး ပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

By Admin 17 Nov 2023

ပေါက်တောမြို့ပေါ်ရှိ လောကထိပ်ပန်ဘုရားကြီးအား မိုခါအလွန် မေလအတွင်းက ဖူးတွေ့ရစဉ်။
ပေါက်တောမြို့ပေါ်ရှိ လောကထိပ်ပန်ဘုရားကြီးအား မိုခါအလွန် မေလအတွင်းက ဖူးတွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၇ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် လျှပ်စစ်မီးဖြတ်တောက်ထားသဖြင့် ပြည်သူများမှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ပြီး များမကြာမီ နံနက် ၁၀ နာရီခန့်မှစပြီး စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် လက်နက်ကြီး/ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ 

ထို့ကြောင့် ပေါက်တောမြို့ရှိ လျှပ်စစ်ဝန်ထမ်းများမှာ ကြောက်လန့်ထွက်ပြေးသွားသဖြင့် ပေါက်တောမြို့နယ်ကို မင်းပြားမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းဟု စုံစမ်းသိရှိရသည်။ 

“ပေါက်တောမြို့မှာက တိုက်ပွဲကြောင့် ဝန်ထမ်းတွေရဲ့လုံခြုံရေးအရ ရုံးစိုက်လို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အားလိုင်းကို ဖြတ်တောက်လိုက်တာလို့ သိရတယ်။ မြို့အခြေအနေတည်ငြိမ်မှပဲ ဓာတ်အားပြန်လွှတ်ပေးမယ်လို့ သိရတယ်” ဟု လျှပ်စစ်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ပေါက်တောမြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံသို့ မင်းပြားမြို့နယ်၊ လျှပ်စစ်ဓာတ်အားခွဲရုံမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ 

ပေါက်တောဒေသအတွင်း စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေချိန် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ဖုန်းဆက်သွယ်ရေး ပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

“လျှပ်စစ်မီးပြတ်သွားတာကြောင့် အဆိုးရွားဆုံးက ဆက်သွယ်ရေး ပြတ်တောက်သွားမှာကို စိုးရိမ်ရတယ်။ ဖုန်းတွေက ဘယ်လိုမှ အားသွင်းလို့ မရတော့ဘူး။ ချက်ပြုတ်စားသောက်တာကတော့ အဆင်ပြေသလို ကြံဖန်လို့ ရသေးတယ်” ဟု ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် AA ဝင်ရောက်ခဲ့သည့် ပေါက်တောမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် မြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများအား သတ်ဖြတ်ခဲ့မှုပေါ် လက်တုံ့ပြန်သွားမည်ဟု AA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ ရက်နေ့က ပေါက်တောမြို့ပေါ်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးခန့်ရှိကြောင်း DMG က ကနဦး စုံစမ်းသိရှိရသည်။

ယင်းအပြင် စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် စစ်ရေယာဉ်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေမှုကြောင့် ပေါက်တောမြို့နေ လူဦးရေသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

#D007 #DMG 

ဗီဒီယိုများ