ကုန်စျေးနှုန်းမြင့်မားမှု၊ လှူဒါန်းမှု နည်းပါးလာခြင်းကြောင့် ရခိုင်က မိဘမဲ့ကလေးများကို ပြုစုရာတွင် ကျောင်းရံပုံငွေများကို အသုံးပြုနေရ

ရခိုင်က မိဘမဲ့ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျောင်း (ABC) ဖောင်ဒေးရှင်းတွင် ရှိနေသည့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရာ၌ အခက်အခဲတချို့ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

By Admin 26 Dec 2022

ကုန်စျေးနှုန်းမြင့်မားမှု၊ လှူဒါန်းမှု နည်းပါးလာခြင်းကြောင့် ရခိုင်က မိဘမဲ့ကလေးများကို ပြုစုရာတွင် ကျောင်းရံပုံငွေများကို အသုံးပြုနေရ

ကလေးသူငယ်များပြုစုစောင့်ရှောက်ရေးကျောင်း(ABC) ဖောင်ဒေးရှင်းမှ မိဘမဲ့ ကလေးငယ်မျာအားတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၆

ရခိုင်က မိဘမဲ့ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျောင်း (ABC) ဖောင်ဒေးရှင်းတွင် ရှိနေသည့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရာ၌ အခက်အခဲတချို့ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ကုန်စျေးနှုန်းမြင့်မားနေမှုအပြင် လှူဒါန်းမှု နည်းပါးလာမှုတို့ကြောင့် ယခုကဲ့သို့ အခက်အခဲများကြုံတွေ့လာနေရခြင်းဖြစ်ပြီး ယင်းအခက်အခဲများကို ဖြေရှင်းရန် ရံပုံငွေ(စုဆောင်းငွေ)များကို အသုံးပြုကာ ပြုစုစောင့်ရှောက်နေရကြောင်းလည်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးအဆင်မပြေမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် လှူဒါန်းမှု နည်းပါးလာနေခြင်းဖြစ်ပြီး ကလေးငယ်များ၏ စားသောက်ရေးကိစ္စကိုဖြေရှင်းနိုင်ရန် ကျောင်းရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲနေရခြင်းဖြစ်သည်ဟု (ABC)ဖောင်ဒေးရှင်း အုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူက ပြောသည်။

“အခက်အခဲရှိပါတယ်။ အရင်တုန်းကဆိုရင် ကုန်ဈေးနှုန်းက ပုံမှန်ရှိနေအချိန်ဆိုတော့ ကလေးတွေအတွက် ပိုက်ဆံငါးသောင်းနဲ့ ထမင်းတစ်နပ်စာအဆင်ပြေပါတယ်။ အခုက ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာဆိုတော့ ပိုက်ဆံ ငါးသောင်းနဲ့ မလောက်တော့ဘူးလေ။ အသားဟင်းကို ငါးသောင်းလောက်ဝယ်ရပါတယ်။ ကျန်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေကျတော့ အလှူငွေနည်းတဲ့အခါကျတော့ ရံပုံငွေထဲက စိုက်ထုတ်နေရပါတယ် ”လို့ ၎င်းက ပြောသည်။

ယင်းကဲ့သို့ ရံပုံငွေများကို စိုက်ထုတ်သုံးစွဲနေရသည့်အတွက် ကလေးငယ်များ၏ နောင်ရေးအတွက် စုထားသည့် ရံပုံငွေမှာ လျော့နည်းလာနေကြောင်း ဦးလမင်းကျော်သူက ဆက်ပြောသည်။

“အလှူငွေနည်းတဲ့အခါကျတော့ ကလေးတွေရဲ့ နောင်ရေးအတွက် စုဆောင်းထားတဲ့ ရံပုံငွေထဲက အနည်းနဲ့အများတော့ ထုတ်ယူသုံးစွဲရတယ်။ ရံပုံငွေတွေအနေနဲ့လည်း လျော့သွားတာပေါ့နော်။ အဲလိုမျိုး အခြေအနေတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယခင်နှစ်များကဆိုလျှင်ကလေးသူငယ်ပြုစုစောင်ရှောက်ရေး‌‌ကြောင့်(ABC) ဖောင်ဒေးရှင်းတွင် လာရောက်လှူဒါန်းထောက်ပံ့မှုများရှိခဲ့သော်လည်း လက်ရှိမှာ လာရောက်လှူဒါန်းသူများ နည်းပါးလာနသေလို အလှူငွေများမှာလည်း လျော့နည်းသွားကြောင်းသိရသည်။

လက်ရှိတွင် မိဘမဲ့ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်း၌ ကလေးငယ် ၆၄ဦးကို စောင့်ရှောက်ပေးထားပြီး ကလေးများကို ပြုစုစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား၂၄ဦးနှင့် စာသင်ပြရန်အတွက် ဆရာမ ၄ဦးကို ခန့်အပ်ထားကြောင်းလည်း သိရသည်။

ယခင်နှစ်များက ကလေးငယ်များကို ပြုစုစောင့်ရှောက်/စာသင်ပြနေသည့် ဝန်ထမ်း ၃၅ ဦးထိရှိခဲ့သော်လည်း ကိုဗစ်ကာလအတွင်း လာရောက်လှူဒါန်းသူများ နည်းပါးခဲ့သောကြောင့် ဝန်ထမ်းအင်အား လျော့ချခဲ့ရမှုများရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင်လည်း အလှူငွေလာရောက် လှူဒါန်းမှုနည်းနေသည့်အတွက် ဝန်ထမ်းများ ထပ်မံခန့်အပ်ရန် အခက်အခဲများရှိနေကြောင်း (ABC)ဖောင်ဒေးရှင်း အုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူ ကပြောသည်။

“ပြီးခဲ့တဲ့ ကိုဗစ်မဖြစ်ခင်လောက်က ဝန်ထမ်း ၃၀ကျော်ရှိခဲ့တယ်။ ကိုဗစ်ဖြစ်တုန်းက ကျနော်တို့ ဝန်ထမ်း ၁၀ကျော်လောက် လျော့ပစ်ရတယ်။ အခု ဝန်ထမ်း ၂၀ကျော်လောက်ပဲ ရှိတယ်။ ဝန်ထမ်း၂၂ဦးနဲ့ ဆရာမ၄ဦးဆိုရင် ၂၆ဦးလောက်ပဲ ရှိပါတယ်။ ဒီတော့ ကျနော်တို့ လက်ရှိမှာ ကိုဗစ်တွေပျောက်နေပြီဆိုပေမယ့် ဒီဝန်ထမ်းကို ဆက်ပြီးတော့တိုးဖို့က အလှူငွေ အခက်အခဲရှိတာကြောင့် နောက်ထပ် ဝန်ထမ်းခန့်အပ်ဖို့က စဉ်းစားစရာဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။


“ အခုလောလောဆယ်တော့ အလှူရှင်တွေ လာရောက်လှူဒါန်းတာတွေတော့ ရှိသေးတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး နည်းလာရင်တော့ ကလေးတွေရဲ့ စားသောက်နေထိုင်ရေးတွေမှာ အခက်အခဲရှိလာမှာကို စိုးရိမ်တယ်။ ဝန်ထမ်းတွေရဲ့ အောက်ဆုံးအခြေခံလစာက တစ်သိန်း ခုနှစ်သောင်းပေါ့နော်။ ကုန်ဈေးနှုန်းတွေ တအားတက်နေတယ်။ ဒီထက်လည်း ပိုဆိုးလာရင် အလှူရှင်တွေ နောက်ထပ်လျော့နည်းလာမှာ။ ဒါဆိုရင် ကျမတို့ ဝန်ထမ်းတွေအတွက် စားရေးသောက်ရေးက ပိုကျပ်တည်းလာမှာကို စိုးရိမ်တယ်”ဟု သူကပြောသည်။

ယခင်က ကလေးသူငယ်များပြုစုစောင့်ရှောက်ေရးကျောင်းတွင် ကလေးများအတွက် တစ်နေ့တာ စားစရိတ်နှင့် အခြားအသုံးစရိတ်များသည် တစ်နေ့တာကုန်ကျငွေ ကျပ်ငွေတစ်သိန်းခွဲဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် ကလေးငယ် ၆၄ဦးအတွက် တစ်သိန်းခွဲကျော်အထိ သုံးစွဲနေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ (ABC) ဖောင်ဒေးရှင်းကို လူပုဂ္ဂိုလ် ၇ဦးက ပြီးခဲ့သည့် ၂၀၁၀ခုနှစ်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်၌ စတင်တင်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၁၀နှစ်ကျော်ကာလကို ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ