ရသေ့တောင်နှင့် မင်းပြားတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစပြီး ရခိုင်ဒေသတွင် အပစ်ခတ်ရပ်စဲခဲ့မှု (၁) နှစ် ပြည့်မည့်လတွင် တိုက်ပွဲများပြန်ဖြစ်လာခြင်း ဖြစ်သည်။ 

By Admin 13 Nov 2023

ဓာတ်ပုံ - AA
ဓာတ်ပုံ - AA

DMG ၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်အတွင်းက ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအနီးက မေယုတောင်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၄ နာရီကျော်အချိန်ကစပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

အငူမော်-မောင်တော ကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းများကို AA က ဝင်တိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ကူနေကြောင်း ဒေသခံများကပြောသည်။

“စပါးစောင့်ပြီး အိပ်နေတာ ပစ်ခက်သံကြားတော့ နိုးလာတာ။ လက်နက်သံတွေကြားရတာ ပေါက်ပေါက်ဖောက်သလိုဘဲ ဆက်တိုက်လက်နက်ကြီး၊ လက်နက်ငယ်တွေပါ အခုထိ ကြားနေရတုန်းဘဲ” ဟု တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကိုးတန်ကောက်ကျေးရွာမှ ဦးအောင်သန်းက ပြောသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် လတ်တလောတွင် ချိန်ခါလိန်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ ကြံတိုင်းအောင်၊ ကိုးတန်ကောက် စသည့်ကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြောင်း သိရသည်။

“ကျနော်တို့ကြားတာက နံနက် ၄ နာရီက စကြားတယ်။ ကျနော်တို့က ၅ နာရီလောက်ကတည်းက ထွက်ပြေးနေကြပြီ။ တစ်ရွာလုံး ထွက်ပြေးကြတာ။ အခု မေယုတောင်ကြောထဲကို ပုန်းရှောင်နေကြတယ်” ဟု ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာသားတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ်၊ ဖေသာပြင်ကျေးရွာနှင့် ဖားပြို(ချင်း) ရန်ကုန်-စစ်တွေ ကားလမ်းမတွင်လည်း ယနေ့ နံနက် ၇ နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ကမ်းနီ တိုင်းဗဟို (၉) စစ်ကောင်စီလေ့ကျင့်ရေးကျောင်းသို့ မင်းပြားမြို့ဘက်ကနေ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေသာပြင်နှင့် ဖားပြို(ချင်း)ကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီကားတွေ တိုင်းဗဟို ၉ ဘက်ကို သွားတာကို AA က ဖြတ်တိုက်တာ။ ကားတစ်စီး ပျက်စီးသွားတယ်လို့ သိရတယ်။ အခုထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတုန်းပါ” ဟု ဖားပြို(ချင်း) ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆာဆာကာဝါ၏ ဖျန်ဖြယ်မှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့သည် ရခိုင်ဒေသတွင် အပစ်ခတ်ရပ်စဲနိုင်သည်မှာ လက်ရှိတွင် ၁ နှစ်ခန့် ကြာမြင့်ခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။

#D004 #D010 #DMG

ဗီဒီယိုများ