ပေါက်တောမြို့တွင် ကျန်နေသေးသော စစ်ကောင်စီတပ်သားများကို ရှင်လင်းနေကြောင်း AA ပြော

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်မှစ၍ ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည်မှာ တစ်လနီးပါးထိ ကြာမြင့်လာပြီဖြစ်သည်။ 

By Admin 11 Dec 2023

ပေါက်တောတိုက်ပွဲတွင် တွေ့ရသော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ - AA Info Desk)
ပေါက်တောတိုက်ပွဲတွင် တွေ့ရသော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ - AA Info Desk)

ပေါက်တောမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်တပ်များကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ လေ၊ ရေ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။ 

AA ကလည်း ပေါက်တောမြို့အတွင်း၌ ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအား အပြင်းအထန်တိုက်ခိုက်ကာ အရပ်သားများကိုကယ်ထုတ်ရန် ကြိုးစားနေသည်။

AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ချက်တွင် “ပေါက်တောမြို့တွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သား အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းနေပြီး အရပ်သားပြည်သူများအား ဓားစာခံနှင့် လူသားဒိုင်းကာအဖြစ် ဖမ်ဆီးကာ သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့အား ထပ်မံရှင်းလင်းနိုင်ခဲ့သည်” ဟု ဖော်ပြသည်။ 

တိုက်ပွဲကြားပိတ်မိနေသော ဒေသခံရာနှင့်ချီကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး အခြား ဒေသခံရာနှင့်ချီမှာ မြို့အတွင်းပိတ်မိလျက်ရှိသည်။ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံများနှင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံ ၂၀၀ ကျော်ကို AA က ကယ်ထုတ်နိုင်ခဲ့ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ 

ပေါက်တောမြို့မှတိမ်းရှောင်လာသူတစ်ဦးက “မနေ့ကလည်း နေဗီက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ စစ်တွေဖက်ကလည်း ပစ်တယ်။ မြို့ထဲမှာလည်း သေနတ်ပစ်သံတွေ ကြားရတယ်။ ကျနော်တို့ သိရတာကတော့ တိုက်ပွဲပြင်းတယ်” ဟု ပြောသည်။

ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေမှုနှင့် မြို့အနီးကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေ၍ မြို့နေလူထုအပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူလေးသောင်းခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပေါက်တောမြို့နယ် မနော်သီရိ၊ တောင်းဖူး၊ တောင်ညို၊ လက်ပံပြား၊ ကြိမ်ခွေမော်၊ တပ်မော်၊ ဒါးကိုင်၊ မော်ထုပ်ကြီး၊ တလိုင်းချောင်း၊ သဝင်ချောင်း၊ သစ်ကျေးချောင်း၊ ရွာချောင်းကြီး၊ င/ခူရှည်၊ ကျော်ရှင်၊ အဝကန်၊ ဇီးချိုမော်၊ နန်းတက်ကျွန်း၊ စိုင်းတုတ်၊ တောင်ပုတ်ကေ စသည့်ကျေးရွာများမှာ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။

ပေါက်တောမြို့မှ စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက “ပေါက်တောဒေသခံတွေဟာ အသက်အိုးအိမ် စည်းစိမ်တွေကို စွန့်လွှတ်ပြီး ဒုက္ခသည်တွေဖြစ်နေကြပြီ။ ဒါပေမယ့် ကိုယ့်ပြည်နဲ့ ကိုယ့်လူမျိုးကို တစ်သက်လုံး ဖိနှိပ်အုပ်ချုပ်လာတဲ့ မတရားတဲ့အစိုးရကို တော်လှန်တဲ့နေရာမှာ ပေးဆပ်ခွင့်ရတယ်လို့ ခံယူတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် ပေါက်တောမြို့မဈေး၊ ပန်းသီး၊ ဘဝမ်း၊ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်မှ နေအိမ်များမှာ မီးလောင်ကျွမ်းမှုများရှိပြီး ပျက်စီးဆုံးရှုံးသည့် နေအိမ်အရေအတွက်ကို မသိရသေးပေ။ 

ပေါက်တောမြို့သည် ရေကြောင်းဆက်သွယ်ရေးတွင် အချက်အချာကျသည့်မြို့ဖြစ်၍ AA နှင့် စစ်ကောင်စီတို့ အပြိုင်အဆိုင် တိုက်ယူနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။ 

“ဒီမြို့က နှစ်ဘက်စလုံးအတွက် တော်တော်အရေးပါတယ်။ စစ်တွေနဲ့ဆို ကုလားတန်မြစ်ကိုကူးပြီး တစ်နာရီခရီး ပဲရှိတယ်။ ဆိုတော့ ဒီမြို့ဟာ AA အတွက်ရော စစ်ကောင်စီအတွက် အရမ်းအရေးကြီးတဲ့ အနေအထား မြင်ရတယ်” ဟု စစ်တွေမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ကာ လူသားချင်းစာနာမှု အကူအညီများကိုလည်း ကန့်သတ်ထား၍ ပြည်တွင်းရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး နေ့ရပ်စွန့်ခွာထွက်ပြေးနေရသူများမှာ ပို၍ဒုက္ခာရောက်နေရသည်။ 

#D002 #D004

ဗီဒီယိုများ