ပလက်ဝမြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား 

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီး စစ်ကောင်စီ၏ ခမရ (၂၈၉) တပ်ရင်း အနီးဝန်းကျင်တွင် ယနေ့ ဇန်နဝါရီ ၁ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

By Admin 01 Jan 2024

ခဝဲဗျုဟာကုန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် အတူတွေ့ရသော AA တပ်ဖွဲ့ဝင်များ။
ခဝဲဗျုဟာကုန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် အတူတွေ့ရသော AA တပ်ဖွဲ့ဝင်များ။

လက်နက်ကြီး/ငယ်များဖြင့် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားကြောင်း ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်ခဲ့ကြတယ်။ အခုတော့ နည်းနည်းငြိမ်နေတယ်။ တိုက်ပွဲဖြစ်တာက မြို့အနီးမှာဆိုတော့ မြို့ခံတွေအပြင်ကို သိပ်မထွက်ကြဘဲ အကုန်လုံးတိတ်ဆိတ်နေတယ်” ဟု သူက ပြောသည်။

ပလက်ဝဒေသအတွင်း နိုဝင်ဘာ ၁၄ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။  AA က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်းကြီးအပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၁၉ ခုကို AA က သိမ်းပိုက်ထားသည်။  

ပလက်ဝမြို့အနီးရှိ စစ်ကောင်စီ၏ ခဝဲဗျူဟာကုန်းကို ဒီဇင်ဘာ ၂၇ ရက်တွင် AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သားများက ပလက်ဝမြို့အတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နေသည်။  

လက်ရှိတွင်လည်း ပလက်ဝမြို့(မြစ်)တစ်ဖက်ကမ်းရှိ ခမရ(၂၈၉) ကို AA က ထိုးစစ်ဆင်မည်ဟု သတင်းထွက်နေ၍ မြို့ခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ 

“လက်နက်ပစ်ခတ်သံတွေတော့ ကြားနေရတာပဲ။ ၂၈၉ တပ်ရင်းကိုလည်း AA ကသိမ်းမယ်လို့ သတင်းတွေ ထွက်နေတယ်။ မြို့ခံတစ်ဝက်လောက်ကတော့ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီ” ဟု ပလက်ဝမြို့ခံ နောက်တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်၊ ချင်းလက်ဝ(အောက်)ရွာအနီးတွင်လည်း ဒီဇင်ဘာ ၃၀၊ ၃၁ ရက်က တိုက်ပွဲများပြင်းထန်ခဲ့သည်။ လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း နေရာ ၄ ခုထက်မနည်းတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့၏ တပ်စခန်းများ မကျရှုံးရေး လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။ 

ဗီဒီယိုများ