ပလက်ဝတွင် AA သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၉ ခုရှိပြီ 

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ အခြေကုပ်စခန်းကုန်းတို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ကြေညာသည်။ 

By Admin 30 Dec 2023

ပလက်ဝတွင် AA သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၉ ခုရှိပြီ 

ခဝဲဗျုဟာကုန်းကို ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၆ နာရီကျော်တွင် သိမ်းပိုက်ခဲ့ပြီး၊ ပွိုင့် ၃၇၇ အခြေကုပ် စခန်းကုန်းကို ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိပြီး၊ နေရာအနှံ့ပြန့်ကြဲ သေဆုံးနေသော စစ်ကောင်စီတပ်သားအလောင်းများအား ကောင်းစွာမြေမြှုပ် သင်္ဂြိုဟ်လိုက်ကြောင်း AA က ထုတ်ပြန်သည်။ 

ယင်းအပြင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းလျက်ရှိပြီး၊ လက်နက်ချအညံ့ခံသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်သလို မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း AA က အသိပေးထားသည်။  

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်ပြီးနောက်တစ်နေ့ နိုဝင်ဘာ ၁၄ ရက်တွင် တရွန်အိုင်နှင့် နှုံးဘူးဗျုဟာကုန်းတို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ပလက်ဝဒေသတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီက အခိုင်အမာစခန်းချထားသည့် တရွန်အိုင်၊ နှုံးဘူးနှင့် ခဝဲဗျူဟာကုန်း၊ မြိတ်ဝစခန်း၊ လာမွီတောင်စခန်း၊ ပွိုင့် ၃၉၁၊ ပွိုင့် ၃၅၁၊ ပွိုင့် ၁၂၉ ၊ ပွိုင့် ၁၅၉ ၊ ပွိုင့် ၃၇၇ စခန်းကုန်းများအပါအဝင် စခန်းပေါင်း ၁၉ ခုကို AA က သိမ်းပိုက်ထားသည်။

ရခိုင်ပြည်အတွင်း၌လည်း AA က စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲလျက်ရှိပြီး စခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။ လတ်တလောအနေဖြင့် မြောက်ဦးခရိုင်ရဲစခန်းကို ဒီဇင်ဘာ ၂၆ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။  

AA အနေဖြင့် တကျော့ပြန်စစ်ရေးအတွင်း စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ရယူထားပြီး အချို့ပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာကျန်ရှိတော့၍ အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ