မင်းပြားတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို AA မိုင်းဆွဲတိုက်ခိုက် 

ရခိုင်ပြည်၊ မင်းပြားမြို့နယ် မင်းရွာအနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 04 Jan 2024

မင်းပြားတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို AA မိုင်းဆွဲတိုက်ခိုက် 

စစ်ကောင်စီတပ်သားများသည် မင်းရွာအရှေ့ဘက် င/စိုင်ရိုင်းချောင်းတောင်ပေါ်မှ ဆင်းလာစဉ် ရန်ကုန် - စစ်တွေကားလမ်းနံဘေးရှိ သလုံးတော်ဘုန်းကြီးကျောင်းအနီးတွင် AA က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“စစ်ကောင်စီသားအင်အား အတိအကျကိုတော့ မသိရပေမယ့် တပ်သားအများကြီးပါတယ်။ မိုင်းဆွဲပြီးတဲ့ နောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေရှိတယ်။ ဘယ်နှစ်ဦးလောက် ကျသွားတယ်ဆိုတာတော့ ကျနော်တို့လည်း မသိနိုင်ဘူး” ဟု ငစိုင်ရိုင်းချောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

င/စိုင်ရိုင်းချောင်းတောင်ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ စစ်ကောင်စီက တပ်စွဲထားခြင်း ဖြစ်သည်။ လက်ရှိတွင် AA က ရာမောင်တံတားအနီးတွင် စစ်ဆေးရေးဂိတ်ချပြီး ပိတ်ဆို့ထား၍ စစ်ကောင်စီတပ်သားများမှာ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ရိက္ခာလာဝယ်မှုများရှိကြောင်း သိရသည်။  

“AA က ပိတ်ဆို့ထားတာ ကြာပြီဆိုတော့ ရိက္ခာပြတ်လို့ ဆင်းလာတာနဲ့တူတယ်။ ဒီတစ်ခေါက်လာတာ တပ်သားများတယ်။ အဲဒီအချိန်မှာ AA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” ဟု မင်းရွာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်ကာ တိုက်ပွဲနယ်မြေလည်း ကျယ်ပြန့်လျက်ရှိသည်။ 

ဗီဒီယိုများ