- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် မွတ်ဆလင်ဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်
မွတ်ဆလင်ဒုက္ခသည်စခန်းများမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် WFP, ICRC, Save the Children, MSF စသည့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြရခြင်း ဖြစ်သည်။
02 Dec 2023

DMG ၊ ဒီဇင်ဘာ ၂
ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် နိုင်ငံတကာအဖွဲ့များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြရသော ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံမြို့နယ်များရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သိရသည်။
လက်ရှိမှာ ကူညီထောက်ပံ့မှုများ မရရှိသည်မှာ တစ်လကျော်ထိ ကြာမြင့်လာပြီဖြစ်ကြောင်း ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်နေထိုင်သော ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“WFP က ဆန်ထောက်ပံ့ငွေ မရတာ ၁ လ ရှိသွားပြီ။ သူတို့ပြောတာက လမ်းတွေပိတ်ထားလို့ လာလို့မရဘူးတဲ့။ ကျနော်တို့က ကျောက်ဖြူမြို့ကို မှီခိုပြီး စားသောက်နေရတာဆိုတော့ ငွေရှိရင်တောင် လမ်းပိတ်ထားတဲ့အတွက် သွားလို့မရဘူး။ ဒုက္ခသည်စခန်းမှာလည်း အလုပ်အကိုင်မရှိတော့ တော်တော့်ကို ဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ပြောသည်။
မွတ်ဆလင်ဒုက္ခသည်စခန်းများမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် WFP, ICRC, Save the Children, MSF စသည့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြရခြင်း ဖြစ်သည်။
လက်ရှိတွင် စားနပ်ရိက္ခာထောက်ပံ့မှု မရရှိတော့သည့်အပြင် လမ်းခရီးသွားလာခွင့်လည်း ပိတ်ပင်ခံထားရ၍ လက်ကျန်ရိက္ခာများကို ချွေတာစားသောက်နေရကြောင်း မွတ်ဆလင် ဒုက္ခသည်များက ပြောသည်။
“အခုဆိုရင် အကုန်လုံးနီးပါးက ဆန်တွေပြတ်နေကြပြီ။ ဆန်တစ်ပြည်စားတဲ့အိမ်တွေမှာ ဆန် ၂ ဗူး(နို့ဆီဗူး)စားပြီးတော့ နေနေရတယ်။ ရှိတာလေးနဲ့ လောက်ငှအောင် စားနေရတယ်” ဟု မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေပုံဒုက္ခသည်စခန်းတွင် လူဦးရေ ၃,၀၀၀ ကျော်ရှိပြီး အိမ်ထောင်စုအချို့မှာ စားနပ်ရိက္ခာ ပြတ်တောက်နေပြီဖြစ်၍ အခြားသူများထံမှ မျှဝေစားသောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ပေါက်တောမြို့နယ်က ငှက်ချောင်းဒုက္ခသည်စခန်းတွင်လည်း စားဝတ်နေရေး အခက်အခဲရှိနေကြောင်း မွတ်ဆလင်ဒုက္ခသည် ကိုအေးကျော်က ပြောသည်။
“ဒီမှာနေတာ နှစ်ပေါင်း ၁၀ ကျော်ရှိပြီ။ အဲဒီကတည်းက WFP က ကျန်းမာရေးကအစ စားဝတ်နေရေးအတွက်ပါ ထောက်ပံ့ပေးတယ်။ အခုတော့ လမ်းတွေပိတ်ထားလို့ စားဝတ်နေရေးကအစ ကျန်းမာရေးကိစ္စတွေမှာပါ အခက်အခဲရှိတယ်” ဟု ၎င်းက ပြောသည်။ ငှက်ချောင်းစခန်းတွင် လူဦးရေ ၂၅,၀၀၀ ကျော် ရှိကြောင်း သိရသည်။
ကျောက်ဖြူ၊ မြေပုံနှင့် ပေါက်တော မြို့နယ်များရှိ မွတ်ဆလင်ဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများ ဖြစ်သည်။
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်လာသည့် နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ပြည်သူများမှာ ရိက္ခာပြတ်တောက်မှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကို ခံစားနေကြရသည်။
ထို့ကြောင့် စစ်ဘေးရှောင်များနှင့် မွတ်ဆလင်ဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ လူသားချင်စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
#D002 #DMG