ရခိုင်တွင် ပြည်သူများ၏ အသက်အိုးအိမ်များကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်လာ 

စစ်ရေးပြင်းထန်နေသောရခိုင်ဒေသတွင် စစ်ကောင်စီက တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ နေအိမ်အဆောက်အအုံနှင့်ရိက္ခာများအား မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လာသည်။  

By Admin 07 Dec 2023

စစ်ကောင်စီတပ်က မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ နေအိမ်များအား ဒီဇင်ဘာလ ၄ ရက်တွင် တွေ့ရစဉ်။
စစ်ကောင်စီတပ်က မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ နေအိမ်များအား ဒီဇင်ဘာလ ၄ ရက်တွင် တွေ့ရစဉ်။

ဒီဇင်ဘာလ ၅ ရက်တွင် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာတွင် လက်နက်ကြီးကျရောက်၍ နေအိမ် ၁၉ ဆောင် မီးလောင်ပျက်စီးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်။ ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာနှင့် ခမောင်းတောကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်က စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင်လည်း ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မဈေးကြီး မီးလောင်ကျွမ်းကာ ဆိုင်ခန်းပေါင်း ၃၇၉ ခန်း ဆုံးရှုံးခဲ့ရသည်။ 

“မြို့မဈေးကြီးကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်ပြီး မီးရှို့လိုက်တာ။ စစ်ကောင်စီက စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကိုပစ်မှတ်ထားပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို ဖျက်ဆီးနေတယ်” ဟု ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။   

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ပေါက်တောမြို့ပေါ်တွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် မြို့မဈေးကြီးအပါအဝင် ရပ်ကွက်အားလုံးတွင် မီးလောင်မှုများရှိပြီး ပျက်စီးမှုအတိအကျကို မသိရှိနိုင်သေးပေ။

“ပေါက်တောမြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက် ၅ ခုလုံးမှာ မီးလောင်မှုဖြစ်ပြီးပြီ။ ကျနော်တို့လည်း သွားလို့မရတော့ အရေအတွက်ကို ပြောဖို့ခက်တယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးနေတာပဲ” ဟု ပေါက်တောမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၂၀ ကျော်အတွင်း မြို့ ၃ မြို့နှင့် ကျေးရွာ ၃ ရွာတွင် စစ်ကောင်စီလက်ချက်ကြောင့် နေအိမ်၊ အဆောက်အအုံ၊ ဈေးဆိုင်ခန်းနှင့် စားနပ်ရိက္ခာများ မီးလောင်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလက စစ်ကောင်စီတပ်သားများစွန့်ခွာသွားသော မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းတွင် အရပ်သားကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ရန် ဒီဂရီ၊ မီတာနှင့် ယမ်းအားများကို တိုင်းတာချိန်ရွယ် ထားသည့် ပစ်မှတ်ဆိုင်းဘုတ်များအား ဒေသခံများက တွေ့ရှိခဲ့ကြသည်။

“အရပ်သားတွေရဲ့ အသက်နဲ့အိုးအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတန်း အပိုဒ် ၃ မှာ ပြဌာန်းထားတဲ့ လူတိုင်းအသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လူပုဂ္ဂိုလ်စည်းစိမ်လုံခြုံခွင့်ကို စစ်ကောင်စီက ပြောင်းပြောင်းတင်းတင်း ချိုးဖောက်နေတာဖြစ်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီခေါင်းဆောင်များနှင့် စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာများကလည်း ရခိုင်ပြည်သူများနှင့် ရက္ခိုင့်တပ်တော်(AA)ကြား သွေးထိုးလှုံ့ဆော်မှုများ၊ မဟုတ်မမှန်ဝါဒဖြန့်မှုများကို ဆက်တိုက်ပြုလုပ်လျက် ရှိသည်။ 

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “AA လုပ်ရပ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေခြင်း ဟုတ်/မဟုတ်ဆိုသည်ကို ရခိုင်ပြည်သူများက အလေးအနက် စဉ်းစားကြရန်လိုအပ်သည်” ဟု သွေးထိုးထားသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသနေပြည်သူများကသာ ခံစားကြရမည်” ဟု ကြုံးဝါးထားသည်။

လက်ရှိရခိုင်တိုက်ပွဲမှာ တဖြည်းဖြည်းပြင်းထန်လာနေပြီး စစ်ကောင်စီက လက်နက်ကြီး/ငယ်ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေမှာ နေ့စဉ်တိုးလာနေသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် (၂)နှစ်ကျော် စစ်ရေးပဋိပက္ခအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ်ပေါင်း ၂,၀၀၅ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များ၏ စာရင်းအရ သိရသည်။ 

#D007 #DMG

ဗီဒီယိုများ