- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
စစ်ကောင်စီလက်နက်ကြီးကြောင့် မနော်သီရိရွာတွင် နေအိမ် ၁၉ ဆောင် မီးလောင်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာတွင် စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ် ၁၉ ဆောင် မီးလောင်ပြာကျပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားသည်။
06 Dec 2023

DMG ၊ ဒီဇင်ဘာ ၆
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာတွင် စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ် ၁၉ ဆောင် မီးလောင်ပြာကျပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ မအေးအေးချို (၃၀ နှစ်) ဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်စဉ် အသေးစားဒဏ်ရာရရှိသွားခြင်းဟု မနော်သီရိရွာသားတစ်ဦးက ပြောသည်။
“နေဗီကနေ လက်နက်တွေပစ်လို့ ရွာကနေထွက်ပြေးတာ။ ထွက်ပြေးတဲ့အချိန် ခြေထောက်မှာ ကျည်ကျပြီးတော့ ဒဏ်ရာရသွားတာ။ အခုတော့ လုံခြုံတဲ့နေရာတစ်ခုမှာ ဆေးကုသမှုခံယူနေတယ်” ဟု သူက ဆိုသည်။
အိမ်ခြေ ၂၀၀ ကျော်ရှိသည့် မနော်သီရိကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများသည် ရွာအနီးရှိလယ်ကွင်းတွင် စုပုံထားသော စပါးစည်း(ကောက်လှိုင်း)များကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။
“ကျနော့်အိမ်ဆိုရင် ဘာမှမကျန်လိုက်ဘူး။ အကုန်လုံး မီးလောင်သွားတယ်။ နေအိမ် ၁၉ အိမ်က ပြာကျသွားတယ်။ နောက်တစ်အိမ်ကတော့ နည်းနည်းလောက်ပျက်စီးသွားတယ်။ ရွာဝင်ဝမှာရှိတဲ့ စပါးစည်းတွေကိုလည်း မီးရှို့သွားတယ်” ဟု နေအိမ်မီးလောင်ဆုံးရှုံးသွားသည့် မနော်သီရိကျေးရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက လက်နက်ကြီး/ငယ် ပစ်ခတ်မှုများကြောင့် မနော်သီရိကျေးရွာနှင့် အနီးအနားရှိကျေးရွာရှိ ဒေသခံများမှာ လုံခြုံမည့်နေရာများ၌ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ င/ပြီကျွန်းအနီးရှိ စစ်ကောင်စီနေဗီက မနော်သီရိကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းနေအိမ်များကိုလည်း ဝင်ရောက်မီးရှို့ခဲ့ကြောင်း AA ပါဝင်သော ညီနောင်မဟာမိတ်(၃) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ဒီဇင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ရဲရိုးပြင်ကျေးရွာနှင့် ခမောင်းတောကျေးရွာမှ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်။
အလားတူ နိုဝင်ဘာလ ၂၄ ရက်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးတွင် မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၃၀၀ ကျော် ပျက်စီးသွားခဲ့သည်။
#D002 #DMG