စစ်တွေသုဿန်တွင် မီးသင်္ဂြိုလ်စက် ၂ လုံး တိုးချဲ့ဆောက်လုပ်နေ

မီးသင်္ဂြိုလ်စက်အပါအဝင် ဆက်စပ်သည့် အဆောက်အအုံအချို့ ဆောက်လုပ်ရန်အတွက် ငွေကျပ်စုစုပေါင်း သိန်း ၆၈၀ ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် အလှူငွေစုစုပေါင်း ၅၆၅ သိန်း လက်ခံရရှိထားပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ)မှ သိရသည်။ 

By Admin 08 Feb 2023

စစ်တွေသုဿန်တွင် မီးသင်္ဂြိုလ်စက် ၂ လုံး တိုးချဲ့ဆောက်လုပ်နေ

စစ်တွေမြို့ရှိ အာကျိတ်တော်ကုန်း သုသာန်တွင် မီးသင်္ဂြိုလ်စက် ဆောက်လုပ်နေသည်ကို တွေ့ရစဉ်။

DMG၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်၊ စစ်တွေမြို့တွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများ မီးသင်္ဂြိုလ်ရာတွင် အခက်ခဲမရှိစေရန်အတွက် မီးသင်္ဂြိုလ်စက် အသစ် ၂ လုံးကို တိုးချဲ့ဆောက်လုပ်နေကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ)မှ သိရသည်။

လက်ရှိမှာ စစ်တွေမြို့ရှိ အာကျိတ်တော်ကုန်းသုသာန်တွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို မီးသင်္ဂြိုလ်စက် ၂ လုံးဖြင့် သင်္ဂြိုလ်နေသော်လည်း လိုအပ်ချက်ကြောင့် မီးသင်္ဂြိုလ်စက်အသစ် ၂ လုံးကို တိုးချဲ့ဆောက်လုပ်နေခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ)မှ အတွင်းရေးမှူး ဦးဦးထွန်းလှိုင်က ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် မီးသင်္ဂြိုလ်စက်ဆိုတာ မုန့်ဖုတ်စက်နဲ့ အတူတူပါပဲ။ ကြံ့ခိုင်ဖို့လိုတယ်။ နောက်ပြီး မီးသင်္ဂြိုလ်ပြီးရင် အနားပေးရတယ်။ အဲဒီမှာ ထွက်လာတဲ့ပြာကို ထုတ်ဖို့ အချိန်ပေးရတယ်။ ဒီသင်္ဂြိုလ်စက်ရဲ့ ခေါင်မိုးကထွက်တဲ့ မီးခိုးနဲ့ အဲဒီကထွက်တဲ့ ပြာကိုထုတ်မယ့် လမ်းကြောင်းတွေ လုပ်ရတယ်။ တစ်ခါတစ်ခါဆိုရင် အချိန်ကပ်ပြီးလုပ်ရတာရှိတယ်။ အဲဒါကြောင့် မီးဖိုက ခဏခဏကွဲထွက်တာတွေ ရှိတယ်။ အဲလိုမျိုးမဖြစ်ရအောင် သင်္ဂြိုလ်စက် ၄ လုံးဆိုတော့လည်း အနားပေးပြီးတော့ လုပ်မယ်ဆိုပြီး လုပ်လိုက်တာ” ဟု ၎င်းက ပြောသည်။  

လက်ရှိ တိုးချဲ့ဆောက်လုပ်နေသည့် မီးသင်္ဂြိုလ်စက် ၂ လုံးကို ရခိုင်ပြည်အတွင်းမှ အလှူရှင်များ၏ ငွေများဖြင့် ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ကာ စစ်တွေမြို့ရှိ အာကျိတ်တော်ကုန်းသုသာန်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခင်ကရှိသည့် မီးသင်္ဂြိုလ်စက်ကဲ့သို့ စက်သုံးဆီဖြင့် အသုံးပြုရမည်ဖြစ်သည်။

မီးသင်္ဂြိုလ်စက်အပါအဝင် ဆက်စပ်သည့် အဆောက်အအုံအချို့ ဆောက်လုပ်ရန်အတွက် ငွေကျပ်စုစုပေါင်း သိန်း ၆၈၀ ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် အလှူငွေစုစုပေါင်း ၅၆၅ သိန်း လက်ခံရရှိထားပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ)မှ သိရသည်။ 

မီးသင်္ဂြိုလ်စက် ဆောက်လုပ်ရန်အတွက် လိုအပ်နေသည့် ငွေများကို သက်ဆိုင်ရာ အာဏာပိုင်များဘက်ကလည်း အလှူငွေများ ထည့်ဝင်သင့်ကြောင်း စစ်တွေမြို့ဒေသခံ မမီချေက ပြောသည်။

“စစ်တွေမှာ ကျူးကျော်တွေကလည်း များလာတယ်။ နောက် နယ်ကလူတွေက စစ်တွေကို ပြောင်းရွေ့နေထိုင်တဲ့လူ ပိုများလာတဲ့အတွက် သေဆုံးမှုနှုန်းကလည်း ယေဘုယအားဖြင့်ကြည့်ရင် များလာမှာပဲ။ အဲဒါကြောင့် မီးသင်္ဂြိုလ်စက်ကလည်း လိုအပ်လာမှာ။ အစိုးရအနေနဲ့လည်း တာဝန်ယူသင့်တယ်။ သာရေး၊နာရေးကိစ္စတွေအပေါ်မှာ တာဝန်ယူမှု အားနည်းတယ်လို့ မြင်တယ်” ဟု သူက ပြောသည်။

စစ်တွေမြို့တွင် နှစ်စဉ် သေဆုံးသူဦးရေ ၁,၀၀၀ ခန့်ရှိပြီး ယင်းအထဲတွင် အခြားနေရာဒေသများမှ ဆေးရုံ၊ ဆေးခန်းလာပြစဉ် သေဆုံးသွားသူဦးရေ ၃၀၀ ကျော်ခန့်ပါဝင်ကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ) အတွင်းရေးမှူး ဦးဦးထွန်းလှိုင်က ပြောသည်။

“စစ်တွေမြို့ပေါ်မှာ ရပ်ကွက်တွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒီလိုရပ်ကွက်တွေမှာ သေဆုံးမှုက သိပ်ထူးထူးဆန်းဆန်း မရှိပါဘူး။ လူကြီးပိုင်းဆုံးတာရှိမယ်။ လူလတ်ပိုင်းဆုံးတာရှိမယ်။ တစ်နှစ်နဲ့တစ်နှစ် သိပ်မကွာဘူးပေါ့။ အခုက ဘာဖြစ်လဲဆိုတော့ ဆေးရုံနဲ့ အပြင်ကဆေးခန်းတွေမှာ ဆုံးတဲ့ နယ်ကအလောင်းတွေ ရှိမယ်။ တစ်ခါတစ်လေ သူတို့က အလောင်းကို နယ်သို့မယူဘူး။ စစ်တွေမှာပဲ သင်္ဂြိုလ်လိုက်တာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ဦးရေ ၉၀၀ ကျော်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူဦးရေ ၁,၃၈၀ ခန့်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အထွေထွေသေဆုံးသူ ၁,၄၀၀ ခန့်ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း(စစ်တွေ)၏ စာရင်းအရ သိရသည်။

#R005

ဗီဒီယိုများ