ရခိုင်တွင် ကဏန်းဈေးကျဆင်းနေ၍ ကဏန်းဖမ်းသူများ စားဝတ်နေရေး အခက်တွေ့

ရခိုင်ပြည်တွင် မုန်တိုင်းအလွန် ကဏန်းဈေးကျဆင်းနေသဖြင့် ကဏန်းဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးနေကြသူများမှာ စားဝတ်နေရေးအကျပ်အတည်း ဖြစ်နေကြသည်။

By Admin 10 Jul 2023

ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင်ကျေးရွာရှိ ကဏန်းဒိုင်တစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင်ကျေးရွာရှိ ကဏန်းဒိုင်တစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်တွင် မုန်တိုင်းအလွန် ကဏန်းဈေးကျဆင်းနေသဖြင့် ကဏန်းဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးနေကြသူများမှာ စားဝတ်နေရေးအကျပ်အတည်း ဖြစ်နေကြသည်။

မုန်တိုင်းမတိုက်ခင်က ရခိုင်မြောက်ပိုင်းဒေသတွင် ကဏန်း တစ်ကီလိုဂရမ်ကို ငွေကျပ် ၁၀,၀၀၀ အထိ ဈေးရခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၄,၀၀၀ သာ ပေါက်ဈေးရှိကြောင်း သိရသည်။

“အခု ကဏန်းက အရမ်းဈေးကျသွားပြီ။ ကဏန်းအစာရှားပါးတာ၊ ကဏန်းရှာလို့မရတာတွေ ရှိနေတယ်။ ကျနော်တို့မှာ ကဏန်းရှာလို့ရမှ စားဝတ်နေရေး အဆင်ပြေတာ။ အခု ဘယ်လိုမှ အဆင်မပြေဘူး။ မုန်တိုင်းကြောင့် ပျက်သွားတဲ့အိမ်ကို ဆောက်နေရတော့ ငွေလည်းလိုတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် နားတောင်းကျကျေးရွာမှ ဦးထွန်းဝင်းမြင့်က ပြောသည်။

ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင် စသည့် မြို့နယ်တို့မှ ဒေသခံအချို့ မှာ ကဏန်းမြုံးထောင်ခြင်း၊ ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ပေါက်တောမြို့နယ်တွင် မုန်တိုင်းအလွန်ကာလ ကဏန်းဖမ်းဆီးရရှိမှုမှာ သိသိသာကျဆင်းသွားကြောင်း သိရသည်။

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ ဒေါ်မြနှင်းယဉ်က “မုန်တိုင်းလွန်ပြီးမှ ကဏန်းဈေးလည်း ကျသွားတယ်။ ကဏန်းလည်း မရတော့ဘူး။ ရေတွေ နောက်ကျိသွားလို့များလား မသိဘူး။ ကဏန်းဖမ်းလို့မရတော့ သားသမီးတွေ ဝတ်ဖို့စားဖို့နဲ့ ပညာသင်ဖို့အတွက် ဘယ်လိုမှအဆင်မပြေဘူး။ ကဏန်းမရရင်တောင် ကဏန်းဈေးကောင်းနေရင် တော်သေးတယ် ” ဟု ပြောသည်။

ကဏန်းဖမ်းလုပ်ငန်း အဆင်မပြေသဖြင့် ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်နေရသူများလည်းရှိကြောင်း သိရသည်။

“အရင် ကဏန်းအကြီးတစ်ကောင်ကို ဒိုင်မှာသွားသွင်းရင် ၂,၅၀၀ ကျော် ရတယ်။ အခုဆိုရင် ၁,၀၀၀ အောက်ပဲရတယ်။ ကဏန်းရှာလို့လည်းမရ၊ ဈေးလည်းမရတော့ စားဝတ်နေရေးအဆင်ပြေဖို့အတွက် လယ်ယာနဲ့ အခြားနေ့စားအလုပ်တွေမှာ ဝင်ပြီးလုပ်နေရတယ်” ဟု ဘူးသီးတောင်မြို့နယ် ချောင်းဝစေတီတောင်ကျေးရွာမှ ကိုအောင်နိုင်ဦးက ပြောသည်။

ရခိုင်က ကဏန်းများကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မှုများရှိပြီး အချို့မှာ နယ်စပ်မူဆယ်မြို့ရှိ ဒိုင်ကြီးများမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။ ရခိုင်တွင် ကဏန်းဈေးကျနေခြင်းမှာ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ အခွန်အခဈေးကြီးခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

“မုန်တိုင်းအလွန်တုန်းကဆိုရင် တရုတ်ဘက်က မဝယ်တော့ လုံးဝ အဆင်မပြေဘူး။ အခုဆိုရင် တရုတ်ကဝယ်ပေမယ့် ကဏန်းက ဈေးမရဘူး။ ဈေးမရကတာက သယ်ယူစရိတ်အရမ်းကြီးတယ်။ အရင်က ကဏန်းဖော့ဘူးတစ်ဘူး တင်ပို့စရိတ်က မြန်မာငွေ တစ်သိန်းလောက်ရှိတယ်။ အခုဆိုရင် ငွေကျပ်နှစ်သိန်းခွဲလောက်ထိ ဖြစ်သွားတယ်။ ဈေးက အရမ်းကွာသွားပြီ။ ဒါကြောင့် ရခိုင်က ကဏန်းလုပ်ငန်းတွေ အဆင်မပြေဖြစ်ကြတာ ” ဟု ပုဏ္ဏားကျွန်း မြို့နယ် ကြိမ်ကျွန်းကျေးရွာမှ ကဏန်းအရောင်းအဝယ်လုပ်နေသူ ဦးတူးတူးက ပြောသည်။

ပြီးခဲ့သည့် ကိုဗစ်ကာလကလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ခဲ့သည့်အတွက် ကဏန်းဒိုင်များနှင့် ကဏန်းဒိုင်များကို မှီခိုနေရသည့် ဒေသခံများမှာ အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။

#I001

ဗီဒီယိုများ