မဟာမုနိဘုရားတွင် ဖမ်းဆီးခဲ့သည့် ဒေသခံ ၃ ဦးထဲမှ ၂ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား အနီးတွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သည့် ဒေသခံ ၃ ဦးထဲမှ ၂ ဦးကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

By Admin 02 Jan 2023

မဟာမုနိဘုရားတွင် ဖမ်းဆီးခဲ့သည့် ဒေသခံ ၃ ဦးထဲမှ ၂ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

ကျောက်တော် မဟာမြတ်မုနိဘုရားမုခ်ဝကို တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၂

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား အနီးတွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သည့် ဒေသခံ ၃ ဦးထဲမှ ၂ ဦးကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ သရက်တပင်ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးမောင်စောသာနှင့် အခြား (အမည်မသိ) ၂ ဦးဖြစ်ပြီး ယမန်နေ့(ဇန်နဝါရီလ ၁ ) ရက်နေ့ နံနက် ၁၀ ခန့်က အဆိုပါ အမည်မသိ ၂ ဉီးကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့နယ် ဇီးချောင်းဆည်အနီးတွင် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သရက်တပင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ သူတို့ နှစ်ယောက်ကို မနေ့က ၁၀ နာရီလောက်မှာ ဇီးချောင်းဆည်နားမှာ စစ်သားတွေက လွှတ်ပေးလာတယ် လို့သိရတယ်။ ဦးမောင်စောသာက မလွတ်သေးဘူး။ ကျောက်တော်ရဲစခန်းမှာပဲ ရှိသေးတယ် ” ဟု ၎င်းကဆို သည်။

ဉီးမောင်စောသာကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် သုံးလကျော်ကြာ ချုပ်နှောင်စစ်ဆေးခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ရှိတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် တရားစွဲဆိုထားသည်။

ဦးမောင်စောသာ ၏ ဇနီးဖြစ်သူ ဒေါ်မအေးခင် က “ သူတို့နှစ်ယောက်ကိုတော့ လွှတ်လိုက်ပြီလို့ ပြောသံကြားပါတယ်။ ကျမအိမ်ရှင်တော့ အခုထိ မလွတ်လာသေးဘူး။ ကျောက်တော်ရဲစခန်းမှာ တရားရင်ဆိုင်နေရပြီးတော့ မနက်ဖြန် ရုံးချိန်းရှိပါတယ်။ သူက အသက်လည်းကြီးနေပြီဆိုတော့ ပြန်လွှတ်ပေးစေချင်ပါတယ် ” ဟု ဆိုသည်။

ထို့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ်(၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ- ၁၇(၁)၊ (၂)တို့ဖြင့် အမှုဖွင့်ခံထားရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဦးတို့မှာလည်း ဇန်နဝါရီ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။

AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် အခြားသောရခိုင်ဒေသခံများကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်း ဆိုနေကြသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် ယာယီအပစ်ရပ်ထားကြသည်။ 

#R007

ဗီဒီယိုများ