AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသူ ကျောက်ဖြူဒေသခံနှစ်ဦးအမှု အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆို

ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေ ကောက်ခံပေးသည်ဟုဆိုကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံထားရသည့် ကျောက်ဖြူ ဒေသခံနှစ်ဦး အမှုမှာ အချိန်ကြန့်ကြာ နေပြီဖြစ်သဖြင့် အမြန်ဆုံး စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

By Admin 27 Dec 2022

AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသူ ကျောက်ဖြူဒေသခံနှစ်ဦးအမှု အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆို

ဖမ်းဆီးခံရသည့် ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့အား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၇

ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေ ကောက်ခံပေးသည်ဟုဆိုကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံထားရသည့် ကျောက်ဖြူ ဒေသခံနှစ်ဦး အမှုမှာ အချိန်ကြန့်ကြာ နေပြီဖြစ်သဖြင့် အမြန်ဆုံး စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁)နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်တို့ နှစ်ဉီးမှာ လက်ရှိ တွင် အမှုရင်ဆိုင်နေရသည်မှာ ၇ လ အချိန်ထိ ကြာမြင့်လာနေပြီးဖြစ်သည့်အတွက် အမြန်ဆုံး စစ်ဆေး ပေးစေချင် ကြောင်း ဒေါ်ခင်အုန်းနွဲ့၏ သမီးဖြစ်သူ မမြနှင်းနွဲ့အောင်က ပြောသည်။

“ အမှုက ကြာနေပြီဆိုပေမယ့် အခုထိ ညီမတို့ဖက်ကို စစ်ဆေးတာတွေ မရှိသေးဘူး။ တရာလိုဖက်က သက်သေ တွေကိုလည်း ရှေ့လကမှ စစ်ဆေးပြီးတယ်။ အမှုက အရမ်းကြာနေတဲ့အတွက် တရားရုံးအနေနဲ့ အမြန်ဆောင်ရွက် ပေးစေချင်ပါတယ် ” ဟု မမြနှင်းနွဲ့ အောင်ကပြောသည်။

ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့နှစ်ဦးအမှုကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ သော်လည်း တစ်စုံတစ်ရာစစ်ဆေးမှုများမရှိဘဲ လာမည့် ဇန်နဝါရီလ ၅ ရက်နေ့ကို ထပ်မံရုံး ချိန်း လိုက် ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ ဘာကြောင့် ကြန့်ကြာနေလဲဆိုတာ ကျမတို့လည်း နားမလည်ဘူး။ ရှေ့နေကလည်း ဘာမှ မပြောတော့ မသိရဘူး။ ဥပဒေအကြောင်းကိုလည်း နားမည်တော့ သူတို့ကို စွဲချက်တင်လိုက်ပြီးလား ဘာလားဆိုတာကိုလဲ ကျမတို့က နားလည်တာ မဟုတ်ဘူး။ အမှုကိုတော့ အမြန်ပြီး စေချင်တာပေါ့ ” ဟု ဦးသန်းလှိုင်၏ ဇနီးဖြစ်သူ မချိုချိုသိန်းက ပြောသည်။

အမှုနှင့်ပတ်သက်၍ အသေးစိတ်အကြောင်းအရာကို သိရှိနိုင်ရန် အဆိုပါ အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေအား ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ကျောက်ဖြူဒေသခံနှစ်ဦးဖြစ်သည့် ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့မှာ ရခိုင်က စစ်ဘေးရှောင်များအတွက် ရပ်ကွက်အတွင်း အလှူငွေကောက်ခံရာတွင် ၂၀၂၂ မေလ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ ခလရ - ၃၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ယင်းနောက် ကျောက်ဖြူအခြစိုက် တပ်ရင်းတစ်ခုက ဗိုလ်ရဲသက်ဇော်ဆိုသူက တရားလိုပြုလုပ်ကာ တရားစွဲ ဆိုထားခြင်းလည်းဖြစ်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးမှာ ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံသည်ဟု စွပ်စွဲချက်ဖြင့် နိုင်ငံတော်ဆူ ပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅(က)ဖြင့် ကျောက်ဖြူမြို့နယ် တရားရုံးမှာ တရားစွဲ ခံနေရခြင်း ဖြစ်သည်။

ဗီဒီယိုများ