စစ်တွေမြို့‌မဈေးကြီးတွင် ဗြောက်အိုးရောင်းချသည့် အမျိုးသမီးတစ်ဦးကို ရဲကဖမ်းဆီး

ရခိုင်ပြည်၊ စစ်တွေမြို့မဈေးကြီးတွင် ဗြောက်အိုးနှင့် ရှူးဒိုင်းများရောင်းချနေသည့် အမျိုးသမီးတစ်ဦးကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) နေ့လည် ၁၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

By Admin 28 Oct 2023

စစ်တွေမြို့‌မဈေးကြီးတွင် ဗြောက်အိုးရောင်းချသည့် အမျိုးသမီးတစ်ဦးကို ရဲကဖမ်းဆီး

DMG ၊ အောက်တိုဘာ ၂၈

ရခိုင်ပြည်၊ စစ်တွေမြို့မဈေးကြီးတွင် ဗြောက်အိုးနှင့် ရှူးဒိုင်းများရောင်းချနေသည့် အမျိုးသမီးတစ်ဦးကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) နေ့လည် ၁၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၆ ကျော်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းကို အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ ယူနီဖောင်းဝတ်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

“သူက စစ်တွေဈေးကြီးရှေ့မှာ မီးရှူးတွေ၊ ဗြောက်အိုး ရောင်းနေတာ။ ရဲတွေဖမ်းဖို့ လိုက်တဲ့အတွက် ဈေးထဲကိုဝင်ပြေးတယ်။ ဈေးထဲကိုဝင်ပြီးတော့ ဖမ်းသွားတယ်။ သာသာညာညာ ခေါ်သွားရင်လည်းရပါတယ်။ အခုက အိန္ဒြေမရဘူး။ လိုက်ဖမ်းတာ”ဟု အနီးအနားမှ ဆိုင်သည်တစ်ဦးကပြောသည်။

လက်ရှိတွင် ၎င်းအမျိုးသမီးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ (၁) ရဲစခန်းမှ စခန်းမှူးကို DMG ကဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

စစ်တွေမြို့ရပ်ကွက်တချို့နှင့် မြို့မဈေးကြီးတွင် သီတင်းကျွတ်ကာလအတွင်း မီးရှူးမီးပန်း၊ ဗြောက်အိုးနှင့် ရှူးဒိုင်း မရောင်းချကြရန် အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။

စစ်တွေမြို့မဈေးကြီးတွင် ဈေးရောင်းချနေသည့် ဆိုင်သည်တစ်ဦးက “ဈေးကြီးမှာ ဗြောက်အိုးတွေ မရောင်းရဘူးဆိုပြီးတော့ ပြောထားတာမရှိသေးဘူး။ ကျနော်တို့လည်း မကြားမိသေးဘူး။ အခုလို့ ဖမ်းသွားတာတော့ မကောင်းဘူးပေါ့။ သူလည်း မရှိလို့ ရောင်းစားနေတာလေ” ဟု ဆိုသည်။

သို့သော် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကာလတွင် မီးရှူးမီးပန်း၊ ဗြောက်အိုးနှင့် ရှူးဒိုင်းပစ်ဖောက်ခြင်းများ မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းစာမျက်နှာ “ရခိုင်နေ့စဉ်”က ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်နေ့တွင် ဖော်ပြထားသည်။

စစ်တွေမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “ကျနော်တို့ရပ်ကွက်မှာတော့ ဒီလိုမပြုလုပ်ဖို့အတွက် ညွန်ကြားထားတာတော့ မရှိသေးဘူး။ ကျနော်ကိုလည်း လာပြောတာ မရှိသေးဘူး။ ညွန်ကြားထားတာ မရှိသေးတဲ့အတွက် ကျနော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကို မပြောရသေးဘူး”ဟု ဆိုသည်။

သီတင်းကျွတ်ကာလ မီးရှူးမီးပန်း၊ ဗြောက်အိုးနှင့် ရှူးဒိုင်းဖောက်ခြင်းကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်စေခြင်း၊ မသမာသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့်လုပ်ရပ်များ လုပ်ဆောင်လာနိုင်သဖြင့် တားမြစ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏အမိန့်စာတွင် ဖော်ပြထားသည်။

ယင်းကြောင့် မီးရှူးမီးပန်း၊ ဗြောက်အိုးများကို ဝယ်ယူပစ်ဖောက်ခြင်း၊ ရောင်းချခြင်းများကို မပြုလုပ်ကြရန်နှင့် တားမြစ်မိန့်အားဖောက်ဖျက်ကျူးလွန်လျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၈၈ အရ အရေးယူသွားမည်ဟု အမိန့်စာတွင် ပါရှိသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်ပွားပြီးနောက် သီတင်းကျွတ်ရောက်တိုင်း နှစ်စဉ် မီးရှူးမီးပန်း၊ ဗြောက်အိုးများမဖောက်ရန် ထုတ်ပြန်ကြေညာလျက်ရှိသည်။

#R007

ဗီဒီယိုများ