တိရိစ္ဆာန်မွေးမြူထိန်းကျောင်းရာတွင် အထောက်အကူပြုသည့် လျှပ်စစ်ခြံစည်းရိုးစနစ်ကို ရခိုင်တွင်စတင်လုပ်ဆောင်

တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများအတွက် အထောက်အကူပြုသည့် လျှပ်စစ်ခြံစည်းရိုးလုပ်ငန်းတစ်ခုကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ခနောင်းကြီးအုပ်စု၊ ကံပြင်ကျေးရွာတွင် အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း သိရသည်။

30 Nov 2021

DMG ၊ နိုဝင်ဘာ ၃၀

တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများအတွက် အထောက်အကူပြုသည့် လျှပ်စစ်ခြံစည်းရိုးလုပ်ငန်းတစ်ခုကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ခနောင်းကြီးအုပ်စု၊ ကံပြင်ကျေးရွာတွင် အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း သိရသည်။

တိရိစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများ၊ တောင်ယာ၊ လယ်ယာလုပ်ကိုင်သူများ၏ ဆင်၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည်တို့ကိုထိန်းကျောင်းရာတွင် လူမလိုဘဲအချိန်ကုန်သက်သာစေရန်နှင့် လူအင်အားအနည်းငယ်ဖြင့် လုပ်ငန်းအများအပြားလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရွှေဗျိုင်းလျှပ်စစ်ခြံစည်းရိုးလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းလင်းကပြောသည်။

“ကြိုးကိုထိမိလိုက်ရင် လျှပ်စီးဓာတ်လိုက်တယ်။ ဒါပေမဲ့ လျှပ်စီးဟာ ဆွဲအားမဟုတ်ဘူး၊ တွန်းအားပဲဖြစ်တယ်။ စက်ထဲမှာဆိုရင်လည်း လျှပ်စစ်ဓာတ်အားအနိမ့်အမြင့်ကို လုပ်လို့ရတယ်။ ထိမိရင်တော့ ဘယ်သူမဆိုလျှပ်စီးလိုက်နိုင်တယ်။ ရေထိရင်လည်း လျှပ်စီးလိုက်တယ်။ ဒါပေမဲ့ အန္တရာယ်လုံးဝမဖြစ်ဘူး။ ထိတ်လန့်မှုတစ်ခုပဲဖြစ်တယ်။ ဒီဟာက နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးသုံးစွဲလို့ရပါတယ်။ စက်ကိုလည်း တစ်နှစ်အာမခံနဲ့လုပ်ဆောင်ပေးထားပါတယ်“ဟု ဦးထွန်းလင်းကပြောသည်။

အဆိုပါလျှပ်စစ်ခြံစည်းရိုးကို ဝါးတိုင်၊ ပလက်စတစ်ကြိုး၊ ရိုးရိုးသံကြိုးနှင့် EPC ပိုက် စသည်တို့ကိုအသုံးပြုကာ လိုအပ်သည့်လျှပ်စစ်ဓာတ်အား အနိမ့်အမြင့်တိုင်းထွာသည့်ကိရိယာများဖြင့် လူကိုယ်တိုင်သွားရောက်ဆင်မြန်းပေးကြောင်း ၎င်းကဆက်ပြောသည်။

လျှပ်စစ်ခြံစည်းရိုးကို ၂၄ နာရီလျှပ်စစ်မီးဖြင့် အသုံးပြုနိုင်သလို solar ဘက်ထရီအိုးဖြင့်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

တိရိစ္ဆာန်မွေးမြူထိန်းကျောင်းရာတွင် အထောက်အကူပြုသည့် လျှပ်စစ်ခြံစည်းရိုးစနစ်ကို ထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ရင်း တွေ့မြင်တတ်သိခဲ့ရသည့်အတွက် ရခိုင်ပြည်တွင်လည်း လုပ်ကိုင်လာခြင်းဖြစ်ကြောင်း ကိုထွန်းလင်း၏ပြောကြားချက်အရ သိရသည်။

လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများကို ထိုင်းနိုင်ငံမှမှာယူပြီး လျှပ်စစ်ခြံစည်းရိုးလုပ်ဆောင်ပေးရာတွင် ၃ ဧကမြေတစ်ကွက်လျှင် ငွေကျပ် ၄ သိန်းခွဲ၊ ၄ ဧကမြေတစ်ကွက်လျှင် ၅ သိန်းခွဲနှင့် ၁၀ ဧကအထက်ရှိပါက ဈေးညှိကောက်ခံပြီးလုပ်ဆောင်ပေးကြောင်း ရွှေဗျိုင်းလျှပ်စစ်ခြံစည်းရိုးလုပ်ငန်းမှ သိရသည်။

လက်ရှိအချိန်ထိ စစ်တွေမြို့နယ်မှ ၁၀ ဧကမြေတစ်ကွက်၊ ၅ ဧက မြေတစ်ကွက်နှင့် ရသေ့တောင်မြို့နယ်က ၄ ဧကခွဲမြေတစ်ကွက်တို့ကို ယင်းလျှပ်စစ်ခြံစည်းရိုးစနစ်ပြုလုပ်ရန်အတွက် ကြိုတင်အော်ဒါရရှိထားကြောင်း သိရသည်။

လက်ရှိလျှပ်စစ်ခြံစည်းရိုးကိုအသုံးပြုနေသည့် ရသေ့တောင်မြို့နယ်ဒေသခံ ဦးအောင်ကျန်စိုးက “ကျနော်တို့မှာ ကျွဲ၊ နွားတွေကို  လူ ၂ ယောက်လောက်ထိန်းကျောင်းရတယ်။ ဒီခြံစည်းရိုးကိုသုံးပြီးနောက် လူတစ်ယောက်တည်းနဲ့အဆင်ပြေသွားတယ်။ အချိန်ကုန်သက်သာသလို လူပင်ပန်းလည်းသက်သွားပါတယ်။ အသုံးပြုရတာလည်း အရမ်းအဆင်ပြေပါတယ်“ဟု ၎င်းကဆိုသည်။

အဆိုပါလျှပ်စစ်ခြံစည်းရိုးပြုလုပ်သည့်နည်းလမ်းကို ထိုင်းနိုင်ငံတွင် အများအပြားသုံးစွဲကြပြီး လက်ရှိရခိုင်ပြည်တွင်ပထမဆုံးလုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ