ဆိုက်ဘာတိုက်ခိုက်ခံရမှုများတွင် အချက်အလက် ပေါက်ကြားမှုများအတွက် ဒဏ်ငွေကို တိုးမြှင့်ရန် သြစတြေးလျ စီစဉ်

ဆိုက်ဘာတိုက်ခိုက်ခံရမှုများကြောင့် ကုမ္ပဏီကြီးများ၏ သုံးစွဲသူအချက်အလက်များ ပေါက်ကြားမှုများနှင့် ပတ်သက်၍ ဒဏ်ငွေပမာဏကို တိုးမြှင့်သတ်မှတ်ရန် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ရှေ့နေချုပ် မက်ဒရေးဖက်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 24 Oct 2022

ဆိုက်ဘာတိုက်ခိုက်ခံရမှုများတွင် အချက်အလက် ပေါက်ကြားမှုများအတွက် ဒဏ်ငွေကို တိုးမြှင့်ရန် သြစတြေးလျ စီစဉ်

သရုပ်ဖော်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၄

ဆိုက်ဘာတိုက်ခိုက်ခံရမှုများကြောင့် ကုမ္ပဏီကြီးများ၏ သုံးစွဲသူအချက်အလက်များ ပေါက်ကြားမှုများနှင့် ပတ်သက်၍ ဒဏ်ငွေပမာဏကို တိုးမြှင့်သတ်မှတ်ရန် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ရှေ့နေချုပ် မက်ဒရေးဖက်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သောသီတင်းပတ်များအတွင်း ဆိုက်ဘာတိုက်ခိုက်မှု အကြီးစားများ ဖြစ်ပွားခဲ့သည့်အတွက် သြစတြေးလျ နိုင်ငံသား သန်းပေါင်းများစွာ၏ အချက်အလက်များ ပေါက်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်သည်။

အဆိုတင်သွင်းမည့် ဥပဒေသစ်၌ ယခင်ဒဏ်ကြေး သြစတြေးလျဒေါ်လာ ၂ ဒသမ ၂၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း)ကို ပမာဏတိုးမြှင့်ကာ သြစတြေးလျဒေါ်လာ သန်း ၅၀ အထိ သတ်မှတ်ရန် စီစဉ်ထားသည်။

 သြစတြေးလျနိုင်ငံသားများသည် သူတို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပေးအပ်ရသည့် တစ်ချိန်တည်း၌ အဆိုပါအချက်အလက်များ ကာကွယ်မှုရရှိရန် အခွင့်အရေးလည်းရှိသည်ဟု ရှေ့နေချုပ်က ပြောကြားသည်။

“ကုမ္ပဏီတွေစုဆောင်းထားတဲ့ ဧရာမများပြားတဲ့ အချက်အလက်တွေကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာကို စိစစ်ဖို့ ကျွန်တော်တို့မှာ ပိုကောင်းတဲ့ ဥပဒေတွေလိုအပ်သလို ဒီကုမ္ပဏီတွေ ပိုမိုအလေးထား ဆောင်ရွက်လာစေရေးအတွက် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေလည်း လိုအပ်ပါတယ်”ဟု ရှေ့နေချုပ် ဒရေးဖက်က ပြောကြားသည်။

သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော အောတက်စ်ကုမ္ပဏီသည် ဆိုက်ဘာတိုက်ခိုက်ခံရမှု ကြုံခဲ့ရပြီးနောက် အကောင့်ပေါင်း ၁၀ သန်းခန့်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ခိုးယူခံလိုက်ရကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဝန်ခံပြောကြားခဲ့သည်။

ယခုလတွင်လည်း ကျန်းမာရေးအာမခံကုမ္ပဏီ မက်ဒီဘန့် ပရိုက်ဗိတ်တွင် အချက်အလက် ဂီဂါဘိုက် ၂၀၀ ခန့် ခိုးယူလိုက်ရကာ ထိုအထဲတွင် လူ ၁၀၀ ၏ အချက်အလက်များလည်း ပါဝင်ခဲ့သည်။ မက်ဒီဘန့်သည် သြစတြေးလျ နိုင်ငံသား ခြောက်ပုံတစ်ပုံခန့်အား ဝန်ဆောင်မှုပေးထားသော ကုမ္ပဏီဖြစ်သည်။ ခိုးယူခံလိုက်ရသော အချက်အလက်များတွင် ကာယကံရှင်များ၏ ဆေးကုသမှု မှတ်တမ်း၊ လုပ်ဆောင်မှု အဆင့်ဆင့်တို့လည်း ပါဝင်ခဲ့သည်။

ဗီဒီယိုများ