အင်္ဂါဂြိုဟ်မှ နမူနာကျောက်သားများ ယူဆောင်ရန် နာဆာနှင့် လော့ဟစ်မာတင် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို

အင်္ဂါဂြိုဟ်သို့ သွားရောက်မည် ဒုံးပျံယာဉ်တစ်စင်းတည်ဆောက်ရန် လော့ဟစ်မာတင် (Lockheed Martin) ကုမ္ပဏီနှင့် နာဆာတို့အကြား သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

09 Feb 2022

 အင်္ဂါဂြိုဟ်ပေါ်ရှိ တစ်နေရာအား နာဆာ၏ Perseverance Rover ယာဉ်က ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့က ရိုက်ကူးထားသော ဓာတ်ပုံ။

DMG ၊ ဖေဖော်ဝါရီ ၉

အင်္ဂါဂြိုဟ်သို့ သွားရောက်မည် ဒုံးပျံယာဉ်တစ်စင်းတည်ဆောက်ရန် လော့ဟစ်မာတင် (Lockheed Martin) ကုမ္ပဏီနှင့် နာဆာတို့အကြား သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါယာဉ်သည် အင်္ဂါဂြိုဟ်မှ ကျောက်သားနမူနာများ ယူဆောင်ကာ ကမ္ဘာမြေပေါ်သို့ ၂၀၃၀ ကျော်နှစ်များအတွင်း ပြန်လည်ရောက်ရှိရမည် ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီက ဖေဖော်ဝါရီလ ရ ရက် တနင်္လာနေ့တွင် ပြောကြားသည်။

သေးငယ်ပေါ့ပါးသည့် ဒုံးပျံယာဉ်သည် အဂါင်္ဂြိုဟ်သို့ သွားရောက်ကာ ကျောက်သားနမူနာများ ယူဆောင်ပြီး ကမ္ဘာမြေပေါ် ပြန်လာသည့် ပထမဆုံးယာဉ် ဖြစ်လာမည်ဟု နာဆာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ ဂြိုဟ်နီကြီး ဟုခေါ်ကြသည့် အင်္ဂါဂြိုဟ် တွင် သက်ရှိသတ္တဝါများ နေထိုင်ခဲ့ခြင်း ရှိ မရှိကို ခြေရာခံရန် ဖြစ်သည်။ သို့သော်လည်း နမူနာကျောက်သားများကို ပိုမိုရှုပ်ထွေးပြီး အသေးစိတ် စစ်ဆေးနိုင်သည့် ကမ္ဘာမြေပေါ်မှ ဓာတ်ခွဲခန်းများတွင် စစ်ဆေးရမည်ဖြစ်သည်။

အင်္ဂါဂြိုဟ်မှ နမူနာများအား စုဆောင်းပြီးနောက်တွင် ကမ္ဘာပေါ်သို့ ပြန်လာမည့်အစီအစဉ်၌ လော့ဟစ်မာတင်၏ ဒုံးပျံယာဉ်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။

နာဆာ၏ အစီအစဉ်အရ ဒုံးပျံယာဉ်အသေးစားအား အင်္ဂါဂြိုဟ်သို့ ၂၀၂၆ ခုနှစ်အတွင်း စောနိုင်သမျှစောစော စေလွှတ်မည် ဖြစ်သည်။ အဆိုပါယာဉ်နှင့်အတူ နောက်ထပ် ယာဉ်တစ်စီး တွဲလျက်ပါသွားမည်ဖြစ်ကာ ထိုယာဉ်က ဂြိုဟ်ပေါ်မှ မြေသားနမူနာများကို စုဆောင်းပြီးနောက် ဒုံးပျံအတွင်းသို့ ပြန်ထည့်ပေးပြီး အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ် ပြန်တင်ပေးမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နောက်ထပ်ယာဉ်တစ်စီးက သက်ဆိုင်ရာပစ္စည်းများကို သယ်ဆောင်ပြီး ကမ္ဘာပေါ်သို့ ပြန်လာမည်ဖြစ်သည်။

အင်္ဂါဂြိုဟ်ဆင်းယာဉ်အတွက် ဤသဘောတူစာချုပ်သည် ကုန်ကျစရိတ် ဒေါ်လာ ၁၉၄ သန်းခန့် ရှိနိုင်ကြောင်း နာဆာ၏ ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ