မုန်တိုင်းသင့်ပြည်သူများ နေထိုင်ရန်နေရာ အခက်အခဲရှိနေဆဲဟု ကုလထုတ်ပြန်

မုန်တိုင်းဘေးဒဏ်သင့် လူဦးရေ ၆၃,၀၀၀ အတွက် အမိုးအကာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပံ့ပိုးနိုင်ခဲ့သော်လည်း ပြည်သူများလက်ဝယ်သို့ ပစ္စည်းများဖြန့်ဝေရာတွင် ပိုမိုကျယ်ပြန့်သည့် ဝင်ရောက်ကူညီခွင့် အရေးတကြီးလိုအပ်နေကြောင်း UNOCHA က ဆိုသည်။

By Admin 01 Jun 2023

မုန်တိုင်းသင့်ပြည်သူများ နေထိုင်ရန်နေရာ အခက်အခဲရှိနေဆဲဟု ကုလထုတ်ပြန်

DMG ၊ ဇွန် ၁

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံစားနေရသည့် မြန်မာအနောက်မြောက်ဒေသနှင့် ရခိုင်ပြည်အတွင်းက ပြည်သူ ဦးရေ ၁.၆ သန်းမှာ ဘေးကင်လုံခြုံသည့် နေစရာနေရာရရှိရန် အဓိကလိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိင်းရေးမှူးရုံး (UNOCHA) က မေ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိတွင် မုန်တိုင်းဘေးဒဏ်သင့် လူဦးရေ ၆၃,၀၀၀ အတွက် အမိုးအကာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပံ့ပိုးနိုင်ခဲ့သော်လည်း ပြည်သူများလက်ဝယ်သို့ ပစ္စည်းများဖြန့်ဝေရာတွင် ပိုမိုကျယ်ပြန့်သည့် ဝင်ရောက်ကူညီခွင့် အရေးတကြီးလိုအပ်နေကြောင်း UNOCHA Myanmar က ဆိုသည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများအား နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်ပြီး DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် အကူအညီတချို့ ရရှိသော်လည်း နိုင်ငံတကာအဖွဲ့များက လာပေးခြင်းမဟုတ်ကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြိုနယ်၊ ဆင်အင်ကြီးကျေးရွာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တစ်ရွာလုံးအတွက် သွပ်ပြား(၁၅) ချပ်၊ စားသုံးဆီ (၆) ဗူး၊ သံမှို (၃) ပိဿာ၊ ခေါက်ဆွဲ (၄) ဖာ၊ ဆန်အနည်းငယ် လာပေးခြင်းရှိကြောင်း ကျေးရွာတာဝန်ခံ ဦးမိုးဇော်က ပြောသည်။

“(နိုင်ငံတကာ)အဖွဲ့အစည်းတွေက ဘာအကူအညီမှ မပေးသေးပါဘူး။ ထွေအုပ်ကပေးတဲ့ သံဖြူ(သွပ်)ကတော့ တရွာလုံးတွက် (၁၅) ချပ်ပေးတာပါ။ ရွာမှာကတော့ အခုလက်ရှိမှာ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်။ အခုလည်း မိုးရွာရင် နေစရာနေရာ မရှိ ဖြစ်နေကြတယ်။ မနေ့ကတော့ ICRC က မေးခွန်းတွေ လာမေးတာရှိတယ်။ နောက်မှ ပေးလာမလား ဆိုတာတော့ ပြောရခက်တယ်” ဟု ဦးမိုးဇော်က ပြောသည်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မြေပြင်သို့ကွင်းဆင်းပြီး ဝင်ရောက်ကူညီနိုင်ခွင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေသော်လည်း ၎င်းတို့တွင် ရှိနှင့်ပြီးသားခွင့်ပြုချက်ဖြင့် အမိုးအကာ၊ ရေနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ အရေးပေါ်စားနပ်ရိက္ခာများကို လက်လှမ်းမီသလောက် ပံ့ပိုးနေကြောင်း UNOCHA က ဆိုသည်။

ရသေ့တောင်မြို့နယ် စပါးထား(ခ)ဇရပ်လှကျေးရွာတွင် နေအိမ် ၁၈၀ ကျော်ပျက်စီးသွားပြီး နေအိမ်များပြန်လည် တည်ဆောက်ရေးအတွင် လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရရှိသဖြင့် အခက်အခဲဖြစ်နေကြောင်း ပြောဆိုကြသည်။

“အခုအချိန်မှာ ကျမတို့ နေထိုင်စရာ မရှိဘူးဖြစ်နေတယ်။ သွပ်အမိုးပြားတွေ၊ တာပေါ်လင်စတွေ၊ မိုးကာ၊ သံမှိုတွေ ဝယ်လို့မရဘူး။ တချို့ဆိုရင် စားစရာဆန်မရှိလို့ သူများတွေဆီက ချေးငှားပြီး စားနေရတယ်။ ကလေးတွေအတွက်ကတော့ တော်တော်လေး ဒုက္ခဖြစ်ရပါတယ်” ဟု ဇရပ်လှကျေးရွာမှ ဒေါ်စန္ဒာဝင်းက ပြောသည်။

လက်ရှိတွင် ဒေသခံတချို့နှင့် စစ်ဘေးရှောင်တို့မှာ မိမိတို့နေအိမ်များကို ကိုယ်ထူကိုယ်ထ ယာယီတည်ဆောက်မှုများ ရှိနေသော်လည်း သွပ်ပြား၊ အခင်းနှင့် တခြား အိမ်အသုံးဆောင်ပစ္စည်းများ အရေးတကြီး လိုအပ်နေသည်။

“အခုပြန်ပြုပြင်ထားတဲ့ တဲအိမ်တွေက မိုးဒဏ်ကို မခံနိုင်ဘူး။ အဖွဲအစည်းတွေက အိမ်ဆောက်ဖို့ကူညီမှပဲ အဆင်ပြေမယ်။ မိုးတွင်းကျရင် မိုးအများကြီးရွာတာ၊ လေလည်းတိုက်မယ်ဆိုရင်တော့ ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး။ အခုပြိုသွားတဲ့ တဲအိမ်တွေကို ပြုပြင်နေတာကလည်း ခေတ္တနေနိုင်ဖို့အတွက် ယာယီလုပ်ထားတာပါ” ဟု ရသေ့တောင်မြို့၊ စေတီတောင်အရှေ့ဘက် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးဝင်းချေက ပြောသည်။

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေး၊ ရေဘေးသင့် ပြည် သူ ၁၁၅၆,၇၉၆ (ဆယ့်တစ်သိန်း ငါးသောင်းခြောက်ထောင် ခုနစ်ရာ ကိုးဆယ့်ခြောက်) ဦး ရှိပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆,၉၈၆ ရှိကာ သေဆုံးလူ ၁၄၈ ဦးအထိရှိကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#I003

ဗီဒီယိုများ