- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ထွက်ပြေးသွားသည့် မောင်တောက နယ်ခြားစောင့်ရဲ ၄ ဦးကို အပူတပြင်း လိုက်ရှာနေ
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ ရက္ခိုင့်တပ်တော်(AA) စခန်းရှိရာသို့ ထွက်ပြေးသွားသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
07 Mar 2023

DMG ၊ မတ် ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွှတ်နယ်ခြားစောင့်စခန်းက တပ်ဖွဲ့ဝင် ၄ ဦးမှာ မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က လက်နက်များဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။ ထွက်ပြေးသွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ နခခ(၉)တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။
“မနေ့က နံနက်ပိုင်းက အဲဒီတပ်ရင်းက ရဲသား ၄ ဦးက လက်နက်အပြည့်အစုံနဲ့ မေယုတောင်တန်းဖက်ကို ထွက်ပြေးသွားတယ်လို့ သိရတယ်။ သူတို့ရဲ့ရာထူးနဲ့အမည်ကိုတော့ မသိဘူး။ မေယုတောင်တန်းမှာရှိတဲ့ AA စခန်းဖက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ခိုင်လုံသော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ထွက်ပြေးသွားသူများကို ယင်းတပ်ရင်းမှတာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့များက မြင်းလွှတ်ကျေးရွာ အနီးတဝိုက်တွင် အပူတပြင်း လိုက်လံရှာဖွေနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“သူတို့ထွက်ပြေးတဲ့အချိန်စပြီးတော့ အဲဒီတပ်ရင်းက ရဲတွေက လိုက်လံရှာဖွေနေတယ်။ လုံခြုံရေးတွေလည်း အပြည့်ချထားတယ်။ တစ်ညလုံးလည်း ကင်းလှည့်နေတယ်။ အခုလည်းရှာနေကြတယ်။ ဘယ်ကိုထွက်သွားလဲ ဆိုတာတော့ မသိဘူး” ဟု ၎င်းကဆိုသည်။
ထွက်ပြေးသွားသူတို့၏ အမည်နှင့် ရာထူးများကို DMG က စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ ရက္ခိုင့်တပ်တော်(AA) စခန်းရှိရာသို့ ထွက်ပြေးသွားသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ ထို့ကြောင့် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းရှိပေ။
အဆိုပါ မြင်းလွှတ် နခခ(၉)တပ်ရင်းကို ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တည်ထားခြင်းဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်ရဲထွက်ပြေးမှုများမှာ မကြာခဏရှိတတ်ကြောင်း မောင်တောမြို့မှ ရပ်မိ၊ ရပ်ဖတစ်ဦးက ပြောသည်။
“အခု ထွက်ပြေးတာက သင်တန်းသားတွေလို့ သိရတယ်။ အဓိက ပြည်မဘက်က သင်တန်းသားတွေက အဲဒီလိုထွက်ပြေးတာ ပိုများတယ်။ နောက်ပြီးတော့ တခြားနယ်ခြားစောင့်ရဲစခန်းတွေကလည်း မကြာမကြာ ထွက်ပြေးတာတွေရှိတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့ကြား လူသားချင်းစာနာမှုကိုအခြေခံကာ အပစ်ရပ်စဲထားသည်မှာ ၃ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။
#R007