စစ်ကောင်စီ အကောင်အထည်ဖော်နေသော ဖယ်ဒရယ်ပြည်ထောင်စုကို ထိုင်းထောက်ခံ

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အား အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ထားချိန်တွင် ထိုင်းသည် စစ်ကောင်စီကို အလေးပေး ထိတွေ့ဆက်ဆံလျက်ရှိကြောင်း နိုင်ငံရေးသမားများက ပြောသည်။

By Admin 24 Aug 2023

အာဏာသိမ်းစစ်ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်။ / ဓာတ်ပုံ - AFP
အာဏာသိမ်းစစ်ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်။ / ဓာတ်ပုံ - AFP

DMG ၊ ဩဂုတ် ၂၄

အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော်နေသော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထိုင်းနိုင်ငံက ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဟု ပြောဆိုလိုက်သည်။

ယနေ့ကျရောက်သော မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသံတမန် ဆက်သွယ်ထူထောင်မှု (၇၅) နှစ်ပြည့်  အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့သောသဝဏ်လွှာတွင် ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။ 

“စစ်မှန်သည့်  အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် အေးချမ်းသာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ရည်မှန်းချက်အပေါ် ထိုင်းနိုင်ငံအနေဖြင့် ခိုင်မာစွာ ထောက်ခံအားပေးသွား မည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။

အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှုသည် မိမိတို့၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်  ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာနယ်ပယ်တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေး ကတိကဝတ်အဖြစ်  ယုံကြည်ကြောင်း ထိုင်းကို ချီးမွှမ်းထားသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ နေ့စဉ်ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီအနေဖြင့် ဖယ်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

“စစ်ကောင်စီက ကြိုးစားနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ တည်ထောင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ စစ်ကောင်စီက လက်ရှိအကျပ်အတည်းကာလမှာ တိုင်းရင်းသားအားလုံးနဲ့ NUG ခေါင်းဆောင်နေတဲ့ PDF တွေအားလုံးက ဖယ်ဒရယ်ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေကြတာဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လှမ်းမယ်ဆိုတာကတော့ ဘာမှထိထိရောက်ရောက် လုပ်နိုင်စရာအခြေအနေမရှိဘူး” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အား အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ထားချိန်တွင် ထိုင်းသည် စစ်ကောင်စီကို အလေးပေး ထိတွေ့ဆက်ဆံလျက်ရှိကြောင်း နိုင်ငံရေးသမားများက ပြောသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တွေ့ဆုံကာ (၈) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီအစည်းအဝေးကို ရခိုင်ပြည်တွင် ပြုလုပ်ခဲ့သည်။ 

#R007

ဗီဒီယိုများ