စစ်ကောင်စီလက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းတွင် လယ်သမားတစ်ဦး ဒဏ်ရာရ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ လယ်သမားတစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 10 Jan 2024

လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသွားသည့် ဒီပါရုံကျေးရွာမှ လယ်သမား။ ဓာတ်ပုံ - APM
လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသွားသည့် ဒီပါရုံကျေးရွာမှ လယ်သမား။ ဓာတ်ပုံ - APM

အသက် (၆၀) အရွယ် ဦးအောင်သာထွန်းမှာ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ရွာအရှေ့တောင်ဘက် လယ်ကွင်းပြင်တွင် စပါးရိတ်သိမ်းရန်ပြင်ဆင်နေစဉ် အနီးအနားသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ညာဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။  

“မနေ့က လက်နက်ကြီး နှစ်လုံးပစ်ခဲ့တယ်။ တစ်လုံးက သူတို့တဲအနီးမှာကျတယ်။ လက်နက်ကြီးကျည်စတွေ လွင့်စင်ပြီး ထိသွားတာ။ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာ။ စပါးရိတ်နေတာမြင်ရင်ပစ်တာပဲ” ဟု ဒီပါရုံကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လယ်သမားများမှာ ရင့်မှည့်နေပြီဖြစ်သော စပါးများကိုရိတ်သိမ်းရန် အခက်အခဲရှိနေသည့်အပြင် စစ်ကောင်စီကလည်း ကျေးရွာများနှင့် အနီးအနားနေရာများသို့ လက်နက်ကြီး/ငယ်များ ရမ်းသမ်းပစ်ခတ်လျက်ရှိသည်။ 

စပါးများမှာ ရင့်မှည့်လွန်လာပြီဖြစ်၍ လယ်သမားများမှာ တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှု အခြေအနေကို စောင့်ကြည့်ပြီး အသက်အန္တရာယ်ကြားမှ ရိတ်သိမ်းနေကြရသည်။ 

“မိသားစုဝမ်းစာလောက်ရရင်ပြီးပြီဆိုတဲ့စိတ်နဲ့ ရိတ်သိမ်းနေတာ။ လက်နက်ကြီးပစ်တဲ့နေ့တွေဆိုရင် မရိတ်ဘူး။ လက်နက်ကြီးမပစ်ရင်တော့ ရိတ်တယ်” ဟု ဒီပါရုံကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။  

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကလည်း အမ်းမြို့နယ်တွင် လယ်သမားတစ်ဦး စပါးရိတ်သိမ်းနေစဉ် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး အနီးအနားသို့ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ 

စစ်ကောင်စီတပ်နှင့် AA တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်တွင် လယ်ဧက ၅၀ ရာခိုင်နှုန်းသာ စပါးရိတ်သိမ်းနိုင်သေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။ 

ကျန် ၅၀ ရာခိုင်နှုန်းမှာ စက်သုံးဆီပြတ်လပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းရှိနေခြင်းကြောင့် တောင်သူများမှာ စပါးရိတ်သိမ်းရန် အခက်အခဲများရှိနေကြသည်။ 

ဗီဒီယိုများ